Thursday, January 14, 2016

အနာဂတ် ကလေးငယ်များအတွက် လိုအပ်ချက်များ



အရေးကြီးဆုံးကတော့ ကလေးကို တုံ့ပြန်တဲ့နေရာမှာ ကိုယ်ကိုယ်တိုင် အရင်ဆုံး တည်ငြိမ်နေဖို့လိုပါတယ်။ ဖြစ်နေတဲ့ အခြေအနေကို မိမိရဲ့ (ကိုယ်ပိုင်)မကျေနပ်မှု ၊ဒေါသတွေနဲ့ ရောထွေးပြီး အခြေအနေကို ပိုရှုပ်ထွေးအောင် မလုပ်မိစေဖို့လိုပါတယ်။ ဖေဖေ မေမေ တို့ရဲ့ တာဝန်က ကလေးကို သူတို့ဖြစ်ချင်တာကို တည်တည်ငြိမ်ငြိမ် အေးအေးဆေးဆေး ပြောတတ်စေဖို့ သင်ယူနိုင်အောင်ကူညီရမှာ ဖြစ်တယ်ဆိုတာ ကိုယ့်ကိုယ်ကို သတိပေးပါ။ ဒါကြောင့် ကိုယ်ကိုယ် တိုင်လဲ တည်ငြိမ်ဖို့လိုတာပါ။
မိဘ (ပြုစုစောင့်ရှောက်သူ) ရဲ့အပြုအမူတွေက ကလေးတွေအတွက် အတုယူစရာ ဥပမာဖြစ်ပါတယ်။ ကလေးကို ရိုက်တာ၊တင်ပါးကို ရိုက်ပြီး အပြစ်ပေးတာ တွေက ပြဿနာမဖြေရှင်းနိုင်ပါဘူး။ ဒီလိုရိုက်ပြီး ဆုံးမရင် " အင်အားသုံးတာ၊ အပြစ်ပေးတာတွေဟာ ဘာမှ မဟုတ်ဘူး၊ အိုကေတယ်" လို့ ကလေးကို သင်ပေးတာနဲ့ တူတူပါပဲ။ ရေရှည်မှာ မကောင်းတဲ့ အမူအကျင့်များ(negative behaviours)သာ ကလေးမှာ ဖြစ်လာမှာပါ။ အမြဲရိုက်ပြီးဆုံးမ ခံရတဲ့ အတွက် သူသင်ယူလိုက်တာဟာ တစ်ခုခုဖြစ်ရင် ကောင်းမွန်တဲ့ နည်းလမ်းနဲ့ဖြေရှင်းစရာမလိုဘူး။ကြမ်းတမ်းစွာ အင်အားသုံးပြီးပဲ ဖြေရှင်းလို့ရတယ်လို့ဘဲ ဖြစ်မှာပါ။ ဒါကြောင့် မိဘရော၊ကလေးရော ကိုယ့်ကိုယ်ကို ထိမ်းချုပ်နိုင်ဖို့ သင်ယူလေ့ကျင့်သင့်ပါတယ်။
tantrum ကို ဖြေရှင်းရာမှာ ကလေး ဘာကြောင့်စိတ်မကျေနပ်သလဲပေါ်မှာ မူတည်ပြီးဖြေရှင်းသင့်ပါတယ်။ တခါတလေမှာ ကလေးကို နှိမ့်သိမ့်ပေးရတဲ့အခါလဲရှိပါတယ်။ ဝုန်းဒိုင်းကျဲ ပေါက်ကွဲမှုတွေကိုတော့ မသိသလို လျစ်လျူရှုနေလိုက်တာကတော့ အကောင်းဆုံးပါပဲ။ * ( ကျွန်မ အရင် နည်းလမ်း(၁) မှာရေးထားသလို မသိသလို နေပေမယ့် ကိုယ်နေဟန်ထားက အရေးကြီးပါတယ်ရှင်။ ပုံမှန်အတိုင်း သူလုပ်တာတွေကို တကယ်ကို မတွေ့လိုက်သလို၊နားမလည်သလိုပါ။ )
တခါတလေတော့ ကလေးကို တစ်ခြား ဟာ တစ်ခုခုပြောင်းလုပ်ပြီး အာရုံပြောင်းပေးနိုင်ပါတယ်။ ကလေးက ပင်ပန်းနေရင်၊ဗိုက်ဆာနေရင်လည်း ဂျီကျနိုင်ပါတယ်။ ဒါကြောင့် အချိန်မှန် အိပ်တာ ၊စားတာ ကလည်း ကလေးစိတ်ကို တည်ငြိမ်ပျော်ရွှင်အောင် အထောက်အပံ့ပေးပါတယ်။
တကယ်လို့ ကလေးက တစ်ခုခုကို မလိုချင်၊ မလုပ်ချင်လို့ tantrum စဖြစ်တာဆိုရင် တည်ငြိမ်စွာနဲ့ ဒေါသမဖြစ်အောင်နေပါ။ ဘာကြောင့် ကလေးဟာ သူလိုချင်တာမရသလဲ ဆိုတာကို အများကြီး ရှင်းပြမနေပါနဲ့။ သူစိတ်တိုနေတဲ့ အချိန်မို့ ရှင်းပြနေတာတွေကို လောလောဆယ် သူနားထဲဝင်ဖို့ ခက်ခဲနိုင်ပါတယ်။ သူယူလို့ ရနိုင်မယ့် ၊လုပ်လို့ရနိုင်မယ့် တစ်ခြားတစ်ခုခုပေးကြည့်ပါ။ တစ်ခြားဟာ တစ်ခုခု ပြောင်းလုပ်တာမျိုး ပြုလုပ်ပါ။
ဒေါသတကြီး ပလုံးပထွေးပြောနေတဲ့ ကလေးကို သူနဲ့ တပြေးညီ ထိုင်ချပြီး လေသံတိုးတိုးလေးလုပ်ပြီး " သားဒေါသကြီးပြီးပြောနေတော့ မေမေ မကြားရဘူး" လို့ ပြောကြည့်ပါ။ ကလေးအများစု ဟာ အားလုံးကို သိချင်စိတ်ပြင်းပြပါတယ်။ မေမေ တို့ တိုးတိုးလေးပြောတဲ့ အတွက် သူတို့ သိပ်မကြားရပါဘူး။ ဒီတော့ သူတို့ ကြားချင်တဲ့ အတွက် အာရုံစိုက်နားထောင်ချင်လာတတ်ပါတယ်။ ဒီအချိန်မှာ မေမေ က လေသံလေးနဲ့ " သြော်.... ဒီလိုလေးဆို ပိုကြားရတယ်ဟုတ်...လာ မေမေနား မေမေပြောပြမယ်" ဆိုပြီး အကြောင်းအရာကို ရှင်းပြနိုင်ပါတယ်။ *Remember... Quiet is more effective than violence.
Tantrum ဖြစ်နေချိန်မှာ ကိုယ့်ကိုယ်ကိုရိုက်တတ်တဲ့ ကလေး၊ သူများကို ရိုက်တတ်တဲ့ကလေး ကို အန္တရာယ်ကင်းပြီး လုံခြုံတိတ်ဆိတ်တဲ့ နေရာကို ခေါ်သွားရွှေ့သွားသင့်ပါတယ်။ သူစိတ်ပြေပြီး ငြိမ်သွားတဲ့အထိ စောင့်ကြည့်သင့်ပါတယ်။ *(ဒီနေရာမှာ ကလေးကိုယ့်ဟာကို ရိုက်တာဟာ သူရဲ့ စိတ်ခံစားချက်ကို ဘယ်လို ပြောရမလဲ မသိလို့ ကလေးဟာ ဒီလိုလုပ်တာပါ။ ဒီလိုရိုက်ရင် လူကြီးတွေကစိုးရိမ်ပြီး သူလိုချင်တာပေးလိုက်ရင် သူဒီနည်းကို အမြဲသုံးတော့မှာပါ။ ဒါကြောင့် စိတ်ကို ခိုင်ခိုင်ထားပြီး သူရိုက်နေတာကို မသိသလိုနေပါ။ သူနာသွားတယ် ဒါပေမယ့် လူကြီးက မသိသလိုပဲ နေတဲ့ အတွက် မေမေ က ငါဒီလိုလုပ်လဲ ငါ့ကိုမပေးပါလားလို့ တခါကနေ နှစ်ခါဆို သူသိသွားပါလိမ့်မယ်။ )**အန္တရာယ် ရှိတဲ့ ပစ္စည်း သူ့နားမရှိပါစေနဲ့။ အန္တရာယ်ရှိတဲ့ နေရာ မဖြစ်ပါစေနဲ့။ ဒီနည်းဟာ ဈေးထဲ၊လမ်းမှာ၊သူများအိမ်မှာ၊ ပလက်ဖောင်းမှာ စတဲ့ public places နေရာတွေမှာ လည်း ဒီအတိုင်းပါပဲရှင်။
ဥပမာ- ကလေးက လမ်းသွားနေရင်း သူသွားချင်တဲ့ ဘက်မသွားရလို့ စပြီး သောင်းကျန်းတယ်ဆိုပါတော့။ သူ့ကိုယ်သူရိုက်တယ်၊ အားမရတော့ ပလက်ဖောင်းပေါ်လှဲချတယ်။ ပလက်ဖောင်းနဲ့ ခေါင်းရိုက်မယ်။ လမ်းမဘက်ပြေးထွက်မယ်။ သေချာပါတယ် မေမေ စိတ်ပူ၊စိတ်ရှုပ် ပျာယာခတ်မှာပါ။ ဒီလို လမ်းမှာ တအားသောင်းကျန်းနေတော့ လွှတ်ထားလို့မရ အန္တရာယ် ရှိလို့ လွတ်တဲ့ လမ်းဘေးတစ်နေရာပဲဖြစ်ဖြစ် ခေါ်သွားပြီး သူ့ကို ဒီအတိုင်းခဏ စောင့်ကြည့်နေပါ။ ဒီအချိန်မှာ ကလေးအများစုက အဖက်မခံဘဲ ရုန်းကန်တတ်ကြပါတယ်။ အဖက်ခံတဲ့ ကလေးဆိုရင် ဖက်ထားပေးပါ။* ဘာမှမပြောပဲ နွေးနွေးထွေးထွေး ဖက်ထားပေးပါ* ။ သူငြိမ်ကျသွားမှ ဘာလို့သွားလို့မရတဲ့ အကြောင်း အေးအေးဆေးဆေးရှင်းပြပေးနိုင်ပါတယ်။ ကလေးဟာ အခြေအနေတစ်ခုခု ( special condition) တစ်ခုခုကြောင့် မဟုတ်ပဲ ပုံမှန် tantrum ဖြစ်တာဆိုရင် ဒီလိုနည်း နှစ်ခါ၊သုံးခါ သုံးရုံနဲ့ နောက်မလုပ်တော့ပါဘူး။ သူမသွားချင်ဘူးဆိုတာ ကို ကောင်းကောင်းမွန်မွန် ပြောပြတတ်လာမှာပါ။
နည်းနည်းပိုကြီးတဲ့ ၅- နှစ် အထက် ကလေးတွေကတော့ ဒီလို ဂျီကျ၊ ထုရိုက်၊အာခေါင်ခြစ်ငိုတာတွေကို သူတို့လိုချင်တာရဖို့ အတွက် သုံးတတ်ကျပါတယ်။ သူတို့ ဒီလိုလုပ်လို့ လူကြီးတွေက လိုက်လျောထားခဲ့မိရင် ပိုဆိုးပါတယ်။ အမြဲတမ်း ဒီနည်းနဲ့ သူတို့လိုချင်တဲ့ အရာကို တောင်းတော့မှာပါ။ ဒါကလဲ သူတို့ အပြစ်မဟုတ်ပဲ ကလေးကို စနစ်တကျ လေ့ကျင့်ထားပေးတာမဟုတ်လို့ သူတို့ကို ဆက်ဆံတဲ့ လူကြီးနဲ့ လိုက်လျောညီထွေ ကလေးက သင်ယူထားတဲ့ တစ်ခုတည်းသော နည်းလမ်းဖြစ်နေလို့ပါပဲ။
ကျောင်းတက်တဲ့ အရွယ် ကလေးဆိုရင်တော့ အခန်းတစ်ခုထဲ ၊ဒါမှမဟုတ် နေရာ လွတ်တစ်ခုမှာ သူစိတ်အေးအောင် အချိန်ပေးပြီး နေစေသင့်ပါတယ်။ ကလေးဟာ သူရဲ့စိတ်ကို ထိမ်းချုပ်နိုင်တဲ့အထိ အဲဒီမှာနေဖို့ပြောပါ။ ဒီလို နေခိုင်းတာဟာ ကလေးကို သူရဲ့ ဒေါသကြောင့်ဖြစ်လာတဲ့ အခြေအနေရလဒ်ကို သူကိုယ်တိုင် ထိရောက်စွာခံစားသိနိုင်ဖို့ အခွင့်အရေးပေးလိုက်တာပါပဲ။ ဒါကြောင့် ကလေးဟာ စိတ်တို သောင်းကျန်းနေစဉ် ပျောက်သွားတဲ့ သူရဲ့ ထိန်းချုပ်နိုင်မှုကို သူပြန်လည် ရရှိနိုင်ပါလိမ့်မယ်။ *ဒါပေမယ့် ဆိုးဝါးတဲ့အမူအကျင့် ( ရိုက်ခြင်း၊ ထုခြင်း) တို့ကိုတော့ စိတ်အေးအောင် တစ်နေရာမှာ နေစေတာကို အချိန်သတ်မှတ်ဖို့လိုပါတယ်။* ၁၀- မိနစ်တန်သည်ပေါ့ရှင်။

အခြေအနေအေးသွားပြီး စိတ်အေးသွားချိန်( After tantrum)
စိတ်အေးသွားတဲ့အထိစောင့်နေပေမယ့် မေမေက သူအငိုတိတ်သွားတဲ့အချိန်မှာ လိုချင်တာကိုပေးလိုက်ရင်တော့ ကလေးရဲ့ tantrum ကို ဆုချလိုက်တာနဲ့အတူတူပါပဲ။ ဒါဟာ ကလေးကို tantrum ပြုလုပ်လို့ရနိုင်တဲ့ အကျိုးလိုသာ သက်သေပြလိုက်တာနဲ့တူတူပါပဲ။ အငိုတိတ်သွားလဲ သူ့ကို ချီပိုးဖက်ထားပြီး သူလုပ်လို့မရ၊စားလို့မရတာကိုတော့ ခုနက မပေးဘူးပြောထားသလို မပေးဘဲသာနေသင့်ပါတယ်။ သူရဲ့ စိတ်ကို ထိန်းချုပ်နိုင်လိုက်တာကို ပါးစပ်က ထုတ်ဖော်ချီးကျူးပေးပါ။" သားလေး က စိတ်ဆိုးပေမယ့် ထိန်းနိုင်တယ်နော်။ တော်တယ်။ မျက်နှာကိုလဲ မရိုက်တော့ဘူး။ ရိုက်ရင် သားသားနာမှာပေါ့" စသဖြင့် ဒီအချိန်မှာ ပြောပေးသင့်ပါတယ်။
ကလေးတွေဟာ ဂျီကျပြီးရင် စိတ်တွေပျော့ပြီး အချော့ခံချင်တတ်ကြပါတယ်။ သူတို့သောင်းကျန်းတာဟာ သိပ်ပြီး ချစ်စရာကောင်းတဲ့ အမူအရာ မဟုတ်ဘူးဆိုတာလဲ သူတို့သိပါတယ်။ ဒါကြောင့် ခုလို ကလေး တည်ငြိမ်သွားတဲ့အချိန်မှာတော့ ကလေးကို ဖက်ထားပြီး ကလေးဟာ ဘယ်လိုဖြစ်ဖြစ် ချစ်ခံရပါတယ်ဆိုတာ သေချာအောင် ပြသဖို့အချိန်ပါပဲနော်။ " မေမေ က သားလေး / သမီးလေး ကို ချစ်တယ်နော်" လို့ တိုးတိုးလေး တဖွဖွပြောပေးပါ။
**အထက်ပါနည်းလမ်းတွေကို သုံးသော်လည်း သက်သာအဆင်ပြေမလာဘဲ အောက်မှာရေးထားတဲ့အချိန်တွေမှာ ဆရာဝန်/နားလည်သူ နှင့်တိုင်ပင်သင့်ပါတယ်။
- မိမိဟာ ကလေးရဲ့ ဂျီကျ၊သောင်းကျန်း တာကို တုံ့ပြန်တဲ့ အခါမှာ မကြာခဏ ဒေါသထွက်မယ်၊ ထိန်းချုပ်နိုင်မှုတွေ မရှိဖြစ်မယ်ဆိုရင် ဆရာဝန်/ နားလည်သူ နှင့် ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
- Tantrum ကြောင့် ကလေးနဲ့မိမိကြားမှာ မကောင်းတဲ့ စိတ်ခံစားချက်တွေ အများအပြား ဖြစ်လာနေတယ်။
- မိမိရဲ့ အပြုအမူအပေါ် (သို့) ကလေးရဲ့ အပြုအမူအပေါ်ထူးခြားနေတယ်လို့ သိချင်သော မေးခွန်းများရှိလာရင်။
- Tantrum ဖြစ်တဲ့ အကြိမ်ရေပိုများလာရင်၊အချိန် မူလကထက် ပိုကြာလာရင်။
- ကလေးဟာ မကြာခဏ သူ့ကိုယ်သူနဲ့ တခြားသူတွေကို အနာတရဖြစ်စေရင်။
- ကလေးဟာ အလွန်မှ ဆန့်ကျင်ဘက်သဘောတွေဖြစ်ရင်၊ငြင်းခုံမှုတွေ အရမ်းလုပ်ရင်၊ အမြဲတမ်းလိုလို ပူးပေါင်းဆောင်ရွက်တာမျိုး ပြုလုပ်ရန်ခက်ခဲရင်၊နားလည်အောင်ရှင်းပြသော်လဲ နားလည်နိုင်စွမ်းမရှိရင်။
ဆရာဝန်မှ ကျန်းမာရေးစမ်းသပ်မှုများပြုလုပ်ပြီး ပုံမှန် ကလေးတိုင်းဖြစ်နေကျ tantrum ထက်ပိုနေတဲ့ အကြောင်းအရင်းကိုရှာနိုင်ပါတယ်။ *ဒါဟာလဲ ဖြစ်တောင့်ဖြစ်ခဲသာဖြစ်ပါတယ်။ တခါတရံ အကြားအာရုံ ၊ အမြင် အာရုံ အားနည်းနေရင်၊ ရောဂါအခြေအနေ တစ်ခုခုရှိရင်၊ စကားပြောနောက်ကျရင်၊( learning disabilities) သင်ယူနိုင်မှု စွမ်းရည် မရှိရင်လဲ tantrum ကို ပုံမှန်ထက် ပိုဖြစ်စေတတ်ပါတယ်ရှင်။

ကလေးတွေဟာ ကြီးလာတာနဲ့အမျှ သူတို့ကိုယ်သူတို့ထိမ်းချုပ်နိုင်အောင် သင်ယူလာကြပါတယ်။ ပူးပေါင်းဆောင်ရွက်ဖို့ ၊ ဆက်ဆံပြောဆိုဖို့၊ သူတို့ရဲ့ စိတ်ခံစားချက်တွေကို ကိုင်တွယ်ဖြေရှင်းဖို့ သင်ယူလာကြပါတယ်။ ဒီလိုဆိုရင် tantrum ဟာလဲ ရပ်သွားပြီး သေချာပြောပြ ဆက်ဆံလို့ ရလာကြမှာပါ။ စိတ်မကျေနပ်မှုတွေ နည်းလာပြီး ထိန်းချုပ်နိုင်မှုတွေ များလာရင် ဂျီကျတာတွေလဲ နည်းလာမှာပါ။
ဖေဖေ မေမေတို့ ပျော်ရွှင်တဲ့ မိသားစု ဘဝ များ ပိုင်ဆိုင်နိုင်ကြပါစေရှင်။

မေတ္တာဖြင့်
နီတိုးလေးမေမေ။

#‎နီတိုးလေးမေမေ #‎မိခင်ဘဝ

Monday, January 11, 2016

ပျင်းရိခြင်းသည် သင့်အလုပ်မှာ ဒုက္ခပေးနေပါသလား



လူရယ်လို့ ဖြစ်လာသည်နှင့်အမျှ အရွယ်ရောက်တဲ့အချိန်တွင် အလုပ်ဆိုတာနဲ့ ကြုံဆုံကြမည်မှာ လူသားတိုင်းပင်  ဖြစ်ပါတော့သည်။ အရွယ်ရောက်သော လူတစ်ယောက်တွင် အလုပ်ဆိုသည့်အရာနဲ့ ထိတွေ့ရမှာ ကတော့ ဓမ္မတာပင် ဖြစ်ပါသည်။ ယခုနည်းပညာတိုးတက်လာသောခေတ်တွင် လူငယ်တိုင်း အလုပ်ကိုယ်စီ ရှိကြဖို့ အလိုအပ်ဆုံးပင် ဖြစ်ပါသည်။ အလုပ်အကိုင်နှင့်ပတ်သက်၍ ကမ္ဘာမှာ အပြောင်းအလဲတွေ ရှိလာနေ သည်။ ကျွမ်းကျင်မှု အခြေခံမှာ အသိပညာ အခြေခံဘက်သို့ နေ့ချင်း ညချင်းဆိုသလို ပြောင်းလဲ လာနေသည်။ အတိတ်ကာလနှင့် အဆက်အစပ်ကင်းသော တသီးတသန့် ဖြစ်ထွန်းလာခဲ့သည်လို့ ဆိုနိုင်ပေ သည်။ ရှေးက ထုတ်လုပ်သူက သူ့စိတ်ကူးနှင့် သူ ထုတ်လုပ်တာကို စားသုံးသူက သုံးကြရသည်။ ယခုတော့ ဒီလို မဟုတ်တော့ပေ။ ဘယ်သူတွေ ဘာတွေသုံးသလဲဆိုတဲ့ စစ်တမ်းကောက်ယူမှုအပေါ် မူတည်ပြီး ပြုပြင် ဖန်တီးမှုများနဲ့ တီထွင်လာကြသည့် နည်းပညာခေတ်လို့ ဆိုလာနိုင်ပါသည်။ လူကြီးနဲ့ လူငယ် ခြားနားခြင်း သည်ပင် လူငယ်တို့အတွက် အံဝင်ခွင်ကျ မောင်းနှင်အားဖြစ်လာသည်။ လူငယ်တို့ရဲ့ ပင်ကိုစရိုက်ကိုက တစ်ဘာသာရှိနေသည့်စိတ်က အလုပ်လုပ်မယ်ဆိုသည့် စိတ်အခြေခံ အားအင်တစ်ရပ်ကို ဖြစ်ထွန်းစေ ပါသည်။ အထူးသဖြင့် လူငယ်တိုင်းမှာ ရှိနေသည့်စိတ်က အလုပ်လုပ်မယ်ဆိုတဲ့ အတွေးအခေါ် အယူအဆ သစ်များ ထုံမွှမ်းနေဖို့ လိုအပ်လှပေသည်။ အလုပ်ကြိုးစားခြင်းသည် ကြွယ်ဝ ချမ်းသာခြင်းလမ်းကို တည်ဆောက်နေခြင်း ဖြစ်ပါသည်။  
          လူတိုင်း လူတိုင်း အလုပ်လိုသာ သဘောထား၍ လုပ်ကိုင်ခြင်းနှင့် အလုပ်ကို ကြိုးစား၍ လုပ်ကိုင်ခြင်း တို့ကြားတွင် ခြားနားမှုရှိသည်။ အလုပ်ကို အလုပ်လိုသာ သဘောထား၍ လုပ်ကိုင်လျှင် လက်ခံနိုင်ဖွယ်ရှိသော ရလဒ်ကိုတော့ ရရှိမည်။ အလုပ်ကို ကြိုးစား၍ လုပ်ကိုင်လျှင်မူ အကောင်းဆုံး ရလဒ်ကို ရရှိမည် ဖြစ်ပေသည်။ ဇွဲရှိရှိနှင့် အကောင်းဆုံး ကြိုးစားအားထုတ်လုပ်ကိုင်မှသာ လုပ်ငန်းခွင်ရော ဘ၀တွင်ပါ ပေါကြွယ်နိုင်ပါမည်။ အလုပ်အပေါ် သစ္စာရှိစွာ ဇောက်ချလုပ်ကိုင်ခြင်းဖြင့် အကောင်းဆုံး လုပ်ဆောင်ချက် ရရှိနိုင်ရန် လုံလောက် သော စွမ်းအားကို ရရှိပါမည်။ သင် လုပ်လေသမျှတို့၌ လုပ်သင့်၍ လုပ်နေသည်ဟု မခံယူဘဲ စိတ်ရင်းအမှန်နှင့် ပြင်းပြသော စိတ်ဆန္ဒများပါ ထည့်ပေါင်း လုပ်ဆောင် သင့်သည်။ အလုပ်က သင့်ငွေကြေး ပိုင်းဆိုင်ရာရော ကျန်းမာခြင်းကိုပါ တိုးတက်ကောင်းမွန်စေပြီး အလုပ်လုပ်နေခြင်းကြောင့် မကောင်းမှု အများအပြားမှလည်း ရှောင်ကျဉ်ရာ ရောက်သည်ကို သင် အကျိုးခံစားရမှာ ဖြစ်ပါသည်။ တစ်နေ့တာလုံး အလုပ်ကို ကောင်းစွာ ကြိုးစားပြီး လုပ်ဆောင် ပြီးစီးသည့် နေ့မျိုးတွင် သင်သည် အင်မတန် ကျေနပ်တင်းတိမ် ပျော်ရွှင်ရလိမ့်မည်။ ပျင်းရိငြီးငွေ့ ဖွယ်ကောင်းသော အသက်ရှင်သန်မှုသည် စဉ်းစားတွေးခေါ်တတ်သည့် အရာ အမူအကျင့်များကို ၀ါးမျိုးလိုက်ပေမည်။ အလုပ်ကြိုးစားလုပ်ဆောင်ခြင်းသည် သင့်ဘ၀ကို မြှင့်တင်ရာ ရောက်သည်။ အလုပ် ကြိုးစားခြင်းနှင့် ဇွဲလုံ့လရှိခြင်းတို့သည် သင့်အား အများနှင့်မတူ တမူထူးခြားစေပြီး ထိုသို့ လုပ်ဆောင်ခြင်း ကြောင့် လူအများကြားတွင် သိသာထင်ရှားစေတဲ့အပြင် သင့်လုပ်ရပ်များကိုလည်း ထိုသူတို့ သတိမူလာပါ လိမ့်မည်။
          အလုပ်လုပ်ခြင်းဖြင့်သာ လိုအပ်သော အရာဝတ္ထုများကို ရရှိနိုင်ပြီး ထိုအရာများဖြင့် အခြားသူများရဲ့ လိုအပ်ချက်များ ကို ဖြည့်ဆည်းကူညီနိုင်ပါမည်။ ကျွန်မတို့အားလုံး အလုပ်လုပ်ကြမှသာ ကျွန်မတို့ ကိုယ်တိုင်နှင့် ကျွန်မတို့ပတ်ဝန်းကျင်မှ လိုအပ်နေသူများကို ပေးကမ်းထောက်ပံ့ ကူညီနိုင်မှာ ဖြစ်ပါသည်။ သင်လမ်းစ ရှာတတ်လျှင် ၀င်ငွေရနိုင်မည့် နည်းလမ်းမြောက်မြားစွာ ရှိပါသည်။ မည်သူ တစ်ဦး တစ်ယောက်ကမျှ အခြားသူများရဲ့ အိတ်ကပ်ထဲမှ ငွေကို အားကိုးပြီး အသက်မရှင်ပါနှင့်။ ကျွန်မတို့အားလုံးတွင် မိမိရဲ့ စားဝတ်နေရေးအတွက် မိမိကိုယ်တိုင် မှန်မှန်ကန်ကန် ရှာဖွေလုပ်ကိုင် စားသောက်နေထိုင်ရန် တာဝန်ကိုယ်စီ ရှိကြပါသည်။ အလုပ်အကိုင်ရဖို့ရန် ခက်ခဲကောင်း ခက်ခဲမည် ဖြစ်သော်လည်း ၀င်ငွေရဖို့ရန် မပျင်းမရိ နည်းလမ်းရှာပြီး တစ်ပါးသူများကို မမှီခိုဘဲ မိမိကိုယ် မိမိ ရပ်တည်နိုင်ရမည်။  သင်တစ်ခု သိထားဖို့ကတော့ အောင်မြင်မှု ဆိုသည်မှာ မိမိ၏ကိုယ်တွင်းမှ အစပြုပြီး မိမိတို့ကိုယ်တိုင် ဖန်တီးနိုင်၏ ဆိုတဲ့ အမြင်ကို ထားရှိဖို့သာ လိုအပ်လှပါသည်။ သင့်အရည် အသွေးများကို အမြဲတိုးတက်မှုရှိနေစေရန် အမြဲဖန်တီးနေရမည်။ ပါးနပ်လိမ္မာစွာ အလုပ်လုပ်တတ်ခြင်း ဆိုသည်မှာ တူညီသော တစ်ချိန်တည်းတွင် အမှုသာ၍ ပြီးစီးနိုင်ခြင်း သို့မဟုတ် ယခင် ကထက် ပို၍ လုပ်ဆောင်နိုင်ခြင်းတို့ကို ဆိုလိုပါသည်။ သင်သည် သင့်ပြိုင်ဘက်ထက် ပိုမိုသာပြီး ဒီထက် ကောင်းမွန်အောင် လုပ်ဆောင်နိုင်လျှင် သင့်အသိုင်းအ၀ိုင်းတွင် အစွန်အဖျားရောက်နေသော နေရာမှ အချက် အချာကျသောနေရာသို့ လူအများက သင့်ထုတ်ကုန် ၀န်ဆောင်မှုတို့ကို တမ်းတရသော အနေအထားသို့ အမှန်တကယ် ရောက်လာမည် ဖြစ်ပေသည်။
          လူတိုင်းပင် စိတ်ချမ်းသာမှုကို အလိုရှိကြသည်။ စိတ်ချမ်းသာမှုကိုရမှ လူ့ဘ၀ရကျိုးနပ်မည်ဟု ယူဆကြသည်။ ထို့ကြောင့် လူတို့သည် စိတ်ချမ်းသာမှုတည်းဟူသော ပန်းတိုင်ဆီသို့ ရည်မှန်းသွားနေကြ သည်။ စိတ်ချမ်းသာမှုကား နေရောင်ခြည်ထဲ၌ ပြိုးပြိုးပြက်ပြက် တောက်ပနေသော မြူမှုန်ကလေးများကို လက်ဖြင့် ဖမ်းခြင်းငှာ မစွမ်းနိုင်သကဲ့သို့ ရနိုင်ရန် ခက်ခဲလှသည်ဟု လူတို့ယူဆဖွယ်ရာ ဖြစ်နေခဲ့သည်။ စိတ်ချမ်းသာမှုကို လိုချင်ကြသည်မှာ လူတိုင်းရဲ့ စိတ်အတွင်းသန္တာန်ပင် ဖြစ်ပါသည်။ ပြန်စဉ်းစားကြည့်ဖို့ လိုသည်မှာ စိတ်ချမ်းသာမှုကို မရနိုင်လောက်အောင် မည်သည်က တားဆီးထားပါသနည်းဟူသော အဖြေကား ရလေပြီ။ ယင်းမှာ ပျင်းရိခြင်းနှင့် ငြီးငွေ့ခြင်းသည် စိတ်ချမ်းသာမှုနှင့် ဖီလာဖြစ်သည်ကို တွေ့ရှိကြရလေသည်။ ပျင်းခြင်းသည် ပျော်ခြင်းရဲ့ ဆန့်ကျင်ဘက်ပင် ဖြစ်ပါသည်။ အများအားဖြင့် ငြီးငွေ့ခြင်းကို လူတို့သည် အပျော်အပါးနှင့် ဖြေရန် အားထုတ်တတ်ကြပါသည်။ အပျော်အပါးသည် ငြီးငွေ့ခြင်းကို ပပျောက်စေနိုင်သည့် ဆေးအစစ်အမှန် မဟုတ်ချေ။ အပျော်အပါးသည် တစ်ခဏတာမျှသာ ဖြေဖျော်မှုဖြစ်ပြီး စိတ်ချမ်းသာမှုအစစ် မဟုတ်သည်သာမက စိတ်နှလုံး မသာယာဖွယ်သော မကောင်းကျိုးများကိုလည်း ပေးတတ်သေးသည်။ ကျွန်မတို့သည် ငြီးငွေ့ခြင်းနှင့် ပျင်းရိခြင်းရဲ့ အကြောင်း ရင်းကို ရှာသောအခါ ကျွန်မတို့ရဲ့ ဘ၀တစ်သက်တာ အချိန်ကို ဇယားချ၍ မသုံး တတ်ကြခြင်းကြောင့် ဖြစ်သည်ကို တွေ့ရပေ သည်။ ကျွန်မတို့ရဲ့ ဘ၀တစ်သက်တာ အချိန်ဇယားသည် ညီညာ မျှတမှု မရှိ၊ တစ်စုံတစ်ခုက လို၍ တစ်နေရာက ပိုနေလျှင် ထိုလိုသောအချိန်၊ ပိုသောအချိန်မှာ ကျွန်မတို့ အဖို့ ပျင်းရိခြင်းနဲ့ ငြီးငွေ့ဖွယ်ရာ ဖြစ်လာတတ် ပေသည်။
အလုပ်လုပ်ရာ၌ မည်သည့်နည်းဖြင့် ထိပ်တန်းရောက်နိုင်မည်နည်း။ သင် ကြိုးစားသည့်အပြင် ပါးနပ် လိမ္မာစွာရှိဖို့ လိုအပ်ပါသည်။ ပါးနပ်လိမ္မာစွာ လုပ်ကိုင်ဆောင်ရွက်ခြင်းဟုဆိုရာ၌ အလုပ်လုပ်ပြီး တိုးတက်မှု ရှိစွာဖြင့် လုပ်ကိုင်ဆောင်ရွက်တတ်ခြင်းကို ဆိုလိုပါသည်။ ယခုလက်ရှိအချိန်အထိ လုပ်ဖူးသမျှတွင် အကောင်း ဆုံးဖြစ်သည်ဆိုသော အရာထက် စဉ်ဆက်မပြတ် တိုးတက်ကောင်းမွန်နေအောင် မည်ကဲ့သို့ ကြိုးစား လုပ်ဆောင်ရ မည်ကို သင် အမြဲဆန်းစစ်သင့်သည်။ လူ၏ တိုးတက်မှု ပျက်စီးစေသည့်အရာမှာ ပျင်းရိခြင်းပင် ဖြစ်ပါသည်။ လူ့သဘာဝအရ ပျင်းရိတတ်သည်။ ပျင်းရိခြင်းကြောင့် သင့်အလုပ်များ ပျက်စီး ဆုံးရှုံးသွားသည်ကို သင် သတိပြုမိမည် မဟုတ်ပါ။ ကျွန်မတို့အားလုံးသည် တစ်နည်းမဟုတ် တစ်နည်းအားဖြင့် ပျင်းရိကြသည်။ လူအချို့သည် တစ်နေရာရာ၌ ကြိုးစားအားထုတ်တတ်ကြပြီး တစ်နေရာရာတွင် အပျင်းထူတတ်ကြသည်။ ယနေ့လုပ်ရမည့်အလုပ်ကို မနက်ဖြန်သို့ ရွှေ့တတ်ကြ ပေသည်။ လူတိုင်း သတိမမူမိသောအရာကတော့ အပျင်းထူခြင်းက ၀ါးမျိုနေခြင်းပင် ဖြစ်ပါသည်။ ကျွန်မတို့ ကြိုးစားပမ်းစား လုပ်ဆောင်ကြသည့်အပိုင်း၌ ကြွယ်ဝ ပြည့်စုံကာ ငြိမ်းငြိမ်းချမ်းချမ်း သာသာယာယာဖြင့် အစီအစဉ်တကျရှိပြီး၊ ကျွန်မတို့ သတိမမူ လျစ်လျူရှုထားသည့် ဘ၀အစိတ်အပိုင်းတို့၌မူ အပျက်အစီးများနှင့် နာကျင်ခြင်းများသာ ရောပြွန်းနေမည် ဖြစ်ပါသည်။ တစ်ခါတလေ လူ့အကျင့်ဆိုသည့် အတိုင်း အလုပ်ကို သုံးလေးရက် လောက် လုပ်ပြီး တစ်လလောက် နားချင် နားနေပေလိမ့်မည်။ ကျွန်မတို့ဆီမှာ အစဉ်အမြဲ ခိုအောင်းနေသည့် ပျင်းရိ ခြင်း ဆို သည့်အရာကို လူတိုင်း တိုက်ဖျက်သင့်ပေသည်။
ကျွန်မတို့ကိုယ်တိုင် ကျွန်မတို့ကိုယ်တွင်း၌ အစဉ်ပင် တိုက်ပွဲဝင်နေရသည်။ ပျင်းရိခြင်းကို အောင်နိုင် သည့် တစ်ခု တည်းသော နည်းလမ်းမှာ မိမိကိုယ် မိမိ ပျင်းရိကြောင်း ၀န်ခံခြင်းပင် ဖြစ်ပါသည်။ ကျွန်မတို့ရဲ့ အတွင်းသန္တာန်ထဲမှာ ငြင်းဆိုနေသော အရာများကို အောင်နိုင်ဖို့ စတင်ပြင်ပြီး ကျွန်မတို့ လုပ်သင့်သည့် အရာများကို ပြီးမြောက်အောင် စတင်လုပ်ဆောင်ပါ။ ပျင်းရိခြင်းများကို စတေးလိုက်ပြီး တာဝန်မယူချင်၍ ပေးသော ဆင်ခြေများကို နေ့စဉ်နှင့်အမျှ ဖယ်ရှားလိုက်ပါ။ လူပျင်းသည် အသိတရား မရှိသည့်အပြင် ပျင်းရိခြင်းကြောင့် လူမိုက်မည်၏။ ပျင်းရိခြင်းက သူ့ဘ၀ကို ၀ါးမျိုနေပြီး သူအလိုရှိသော ကောင်းသည့်အရာ အားလုံးကို ဖျက်ဆီးပစ်နေကြောင်းကို နားမလည်ပေ။ ကျွန်မတို့ ကြိုးစားလုပ်ဆောင်သော အရာများ အတွက် ကောင်းကျိုးများကို အမှန်တကယ် ရရှိခံစားကြရမည် ဖြစ်ပါသည်။ လူပျင်းတစ်ယောက် ထားရှိသော အတွင်းသန္တာန်မှာ ဘ၀တွင် ငြိမ်းငြိမ်းချမ်းချမ်းနှင့် အပူအပင်ကင်းစွာ နေနိုင်ရေး ဖြစ်သည်။ ပြဿနာ အပူအပင် ကင်းရန် နေထိုင်နိုင်ရေးသည် အတွင်းသန္တာန် မဟုတ်ပါ။ ထိုသို့ နေထိုင်သွားခြင်းဖြင့် ဆုတ်ယုတ်ခြင်းများ ရရှိပိုင်ဆိုင်လာမည် ဖြစ်ပါသည်။ ဒီတော့ ပျင်းရိခြင်းကို ကျော်လွှားနိုင်မည့် လမ်းကတော့
၁။ သင်သည် လူပျင်းဖြစ်သည်ကို ၀န်ခံပါ။
၂။ ဆင်ခြေများ ပေးနေခြင်းမှ ရပ်တန့်ပါ။
၃။ နေ့စဉ်ပြုလုပ်ရမည့် ကိစ္စများကို ကောင်းကောင်းရေးဆွဲပြီး အမြန်လုပ်ဆောင်ပါ။
၎။ မဆိုင်းမတွ ယခုပင် ထလုပ်ပါ။
၅။ ပန်းတိုင်ထားရှိပြီး အပြီးသတ်ရမည့် ရက်စွဲများ သတ်မှတ်ပါ။
၆။ ဇွဲ လုံ့လရှိပါ။
၇။ မိမိကိုယ်ကို အခြားသူများ၏ အစစ်အဆေးကို ခံယူရန် အသင့်ရှိပါ လို့ ပြောချင်ပါသည်။
          ပျင်းရိခြင်းသည် ကျန်းမာရေးကို ဖျက်ဆီးစေတတ်သည်။ စိတ်ဓာတ်ညံ့ဖျင်းစေတတ်သည်။ ဥာဏ် ထိုင်းမှိုင်း စေသည်။ ပညာရေး၊ စီးပွားရေး နှောင့်နှေးစေသည်။ မကောင်းကျိုးဟူသမျှ၏ အရင်းအမြစ် ဖြစ်ကြောင်းကို ကျွန်မတို့ တွေ့မြင်ကြရပေသည်။ ပျင်းရိခြင်းကို အောင်မြင်ခြင်းဆေးနည်းသည်ကား အနားမနေ အလုပ်လုပ် ခြင်းသာလျှင် ဖြစ်ပေတော့သည်။ လူသားအားလုံး ပျင်းရိခြင်းမှ ကင်းဝေးနိုင်ကြ ပါစေ…။စိတ်ချမ်းသာအောင် ဘယ်လိုနေမလဲ…?
…တစ်ခါတုန်းက ကဿပဘုရားရှင် ပရိနိဗ္ဗာန်စံတော်မူတဲ့အခါ ကြွင်းကျန်တဲ့ ဓာတ်တော်တွေကို ဌာပနာပြီး ရွှေစေတီ တည်ပါတယ်။ အရပ်လေးမျက်နှာက ပရိသတ်အပေါင်းကလည်း ပန်းနံ့သာတွေနဲ့ ရွှေစေတီကို ပူဇော်ကြပါတယ်။ ပန်းတွေနဲ့ ပူဇော်ပွဲမှာ မထင်ရှားတဲ့ အမျိုးသားလေးတစ်ယောက်လည်း ပါပါတယ်။ 
…ပန်းပူဇော်သူတွေ  ပြန်သွားတဲ့အခါ အမျိုးသားငယ်က ပန်းတင်လှူထားတာတွေ မညီမညာ ဖြစ်နေတာတွေ့ရတဲ့အတွက် ကြည့်လို့ကောင်းအောင် ပြုပြင်ပြီး ပြန်ပူဇော်ပါတယ်။ ဒါတင်မကပါဘူး။ သူများလှူခဲ့တဲ့ပန်းတွေကို ပြန်ပြုပြင်ပြီး ပူဇော်ပြီး အဲဒီပူဇော်မှုကိုပဲ အာရုံပြုပြီး မြတ်စွာဘုရားရှင်ရဲ့ ဂုဏ်တော်တွေကို ပွားပါတယ်။ ဂုဏ်တော်ပွားတဲ့အခါ စိတ်က ကြည်ကြည်လင်လင် ဖြစ်လာပါတယ်။ ပြုထားတဲ့ကောင်းမှုကို နှလုံးသားထဲမှာ ထည့်ထားလိုက်ပါတယ်။ 
…သက်တမ်းစေ့လို့ ကွယ်လွန်တဲ့အခါ မညီမညာဖြစ်နေတဲ့ ပန်းတွေကို ပြန်ပြုပြင်ပြီး ပူဇော်ခဲ့ရတဲ့ ကုသိုလ်ကံကြောင့် တာဝတိံသာနတ်ပြည်မှာ သုနိက္ခိတ္တနတ်သားရယ်လို့ ဖြစ်ရပါတယ်။ မြန်မာလိုပြောရင်တော့ “ကောင်းကောင်းထား” ပါ။ တန်ခိုးအာနုဘော်ကြီးသလို အခြံအရံတွေလည်း များစွာရပါတယ်တဲ့။

…ဂေါတမမြတ်စွာဘုရားရှင် ပွင့်တော်မူတဲ့အခါ ရှင်မဟာမောဂ္ဂလာန်မထေရ်မြတ် တာဝတိံသာ နတ်ပြည်ကို ရောက်လာပြီး ဘယ်လိုကုသိုလ်တွေပြုခဲ့လို့ ဒီစည်းစိမ်တွေရတာလဲလို့ ကောင်းကောင်းထား နတ်သားကို မေးတော်မူပါတယ်။
…ဒီတော့ နတ်သားက “တပည့်တော်ဟာ ရွှေစေတီမှာ ဖရိုဖရဲ မညီမညာ တင်ထားတဲ့ ပန်းတွေကို ကြည့်လို့ ကောင်းအောင် ကြည်ညိုဖွယ်ဖြစ်အောင် ပြန်ပြုပြင်ပြီး  ပူဇော်ခဲ့ပါတယ်ဘုရား။ အဲဒီကုသိုလ်ကြောင့် ဒီနတ်စည်းစိမ်တွေကို ခံစားနေရတာပါဘုရား” လို့ ပြန်လျှောက်ပါတယ်။ 
…အရှင်မဟာမောဂ္ဂလာန်က လူ့ပြည်ပြန်ရောက်တဲ့အခါ ဒီအကြောင်းကို မြတ်စွာဘုရားကို ပြန်လျှောက်ကြပါတယ်။ မြတ်စွာဘုရားရှင်ကလည်း ဒီအကြောင်းကိုပဲ လူပရိသတ်ကို ပြန်ဟောပြ ပေးတော်မူပါတယ်။
…မြတ်စွာဘုရားရဲ့ တရားကို နာကြားရတဲ့ ပရိသတ်တွေဟာ သုနိက္ခိတ္တနတ်သားကို အားကျပြီး “ငါတို့လည်း သုနိက္ခိတ္တ နတ်သားလို ပိုက်ဆံကုန်စရာမလိုဘဲ သူများလှူတဲ့ပန်းကို ကြည်ညိုဘွယ် ဖြစ်အောင် ပြန်ပြုပြင် ပူဇော်ရင် နတ်စည်းစိမ်ကို ရလိမ့်မယ်” လို့ နှလုံးသွင်းပြီး စေတီတော်ကို ရောက်တဲ့အခါ သူများ တင်လှူပြီးသား ပန်းတွေကို ကြည်ညိုဘွယ်ဖြစ်အောင် ပြုပြင်ပြီး ပြန်ပူဇော်ကြ ပါတယ်။ အဲဒီကုသိုလ်ကြောင့်ပဲ သူတို့လည်း နတ်ပြည်ရောက်ကြရပါတယ်တဲ့။
(၀ိမာန၀တ္ထုအဋ္ဌကထာ၊ သုနိက္ခိတ္တ၀တ္ထု) 
…ရောက်တဲ့အရပ်မှာ ကိုယ့်ကိုယ်ကိုယ် ကုသိုလ်ဖြစ်အောင် လုပ်တတ်လိုက်ပုံလေးကို သဘောကျလို့ ဒီဝတ္ထုလေးကို ထုတ်ပြလိုက်တာပါ။

…ပင်ကိုယ်အားဖြင့် သူ့ရဲ့စိတ်ကလေးကကို မှန်နေလို့ပါ။ ပန်းတွေ ပြုပြင်နေတဲ့အချိန်မှာ ပန်းပိုင်ရှင်တွေကို အပြစ်တင်တဲ့စိတ်လည်း မရှိမနေခဲ့ပါဘူး။ လူငယ်စကားနဲ့ ပြောရရင် ဆရာကြီးလုပ်ချင်တဲ့စိတ် ရှိမနေခဲ့ပါဘူး။ တကယ့်ကို စိတ်ထားဖြူဖြူလေးနဲ့ လုပ်ခဲ့တာပါ။ ပြီးတော့ ပိုက်ဆံလည်း မကုန်ခဲ့ပါဘူး။ ကုသိုလ်များ ရချင်တဲ့သူအတွက်တော့ အမြဲကို လွယ်နေတော့တာပါ။ 
…စေတီကနေ အိမ်ပြန်လာတဲ့အခါ သူ့ရဲ့ ခြေလှမ်းတိုင်းမှာ ဘယ်လောက်စိတ်ချမ်းသာနေမယ်ဆိုတာ တွေးကြည့် တဲ့သူတောင် စိတ်ချမ်းသာရတာပါ။ 
…စာရေးသူက စိတ်ချမ်းသာအောင်နေတဲ့သူဆို သိပ်အားကျတာပါ။ စိတ်ချမ်းသာအောင် ဘယ်လိုနေမလဲ…..? 
…တချို့ကျတော့ စိတ်ချမ်းသာကြပါတယ်။ တချို့ကျတော့ စိတ်မချမ်းသာကြပါဘူး။ အဖြေကတော့ တိုတိုပါပဲ။ ကိုယ့်ရင်ထဲမှာ အကုသိုလ်စိတ်တွေ ကိန်းနေရင် စိတ်ဆင်းရဲရပါတယ်။ ကိုယ့်ရင်ထဲမှာ ကုသိုလ်စိတ်တွေ ကိန်းနေရင် စိတ်ချမ်းသာရပါတယ်။

…တစ်ခါတစ်လေ စိတ်ချမ်းသာနေပြီဆိုရင် ကိုယ့်ရင်ထဲကို ပြန်အာရုံပြုကြည့်လိုက်ပါ။ ကုသိုလ်စိတ်တွေ ကိန်းနေ တာတွေ့ရပါလိမ့်မယ်။ ဒါနနဲ့ယှဉ်တဲ့ ကုသိုလ်ပဲဖြစ်ဖြစ်၊ ဝေယျာဝစ္စ ပရဟိတနဲ့ယှဉ်တဲ့ ကုသိုလ်ပဲဖြစ်ဖြစ်၊ ဂုဏ်တော်၊ မေတ္တာ၊ ၀ိပဿနာနဲ့ယှဉ်တဲ့ကုသိုလ်ပဲဖြစ်ဖြစ် ကုသိုလ်တစ်ခုခု ကိန်းနေလို့ပါ။ 
…ဒီလိုပါပဲ။ စိတ်ဆင်းရဲနေရပြီဆိုရင်လည်း အကုသိုလ်စိတ်တစ်ခုခု ကိန်းနေလို့ပါ။ ဒေါသပဲဖြစ်ဖြစ်၊ ဣဿာမစ္ဆရိယပဲဖြစ်ဖြစ် အကုသိုလ်စိတ်တစ်ခုခုဝင်နေတာ တွေ့ရပါလိမ့်မယ်။ တကယ်လို့ စိတ်ဆင်းရဲနေလို့ ကိုယ့်ရင်ထဲကို သတိနဲ့ပြန်ကြည့်လို့ အကုသိုလ်စိတ်တစ်ခုခု ကိန်းနေတာတွေ့ရရင် “ဒီအကုသိုလ်စိတ်ကလေးကြောင့် ငါစိတ်ဆင်းရဲနေတာပဲ” ဆိုပြီး ဆင်ခြင်လိုက်ပါ။ ပြီးရင် ကိုယ်ကြိုက်တဲ့ ဣရိယာပုထ်နဲ့ သေချာထိုင်ပြီး ကိုယ့်ရင်ထဲက အကုသိုလ်စိတ်ကလေးကို စိတ်နဲ့ပဲ ပြန်ကြည့်နေလိုက်ပါ။ ဖြစ်နေတဲ့ အကုသိုလ်စိတ်ကလေးကို  စိတ်နဲ့ပဲ ပြန်သိနေလိုက်ပါ။ တစ်မိနစ်ပဲဖြစ်ဖြစ်၊ နှစ်မိနစ်ပဲဖြစ်ဖြစ်၊ သုံးမိနစ်ပဲဖြစ်ဖြစ်၊ ငါးမိနစ်၊ ဆယ်မိနစ်ပဲဖြစ်ဖြစ် အချိန်ကလေး ယူပြီး ကိုယ့်ရင်ထဲမှာ ဖြစ်နေတဲ့စိတ်ကလေးကို သတိကပ်ပြီး သိနေလိုက်ပါ။ 
…သိပါ သိပါများလာရင် ထွက်သွားပါလိမ့်မယ်။ တစ်ခုတော့ ရှိပါတယ်။ ကိုယ့်ရင်ထဲရောက်နေတဲ့ အကုသိုလ်က သိပ်ပြီးကြီးနေရင်တော့ အချိန်ကလေးတော့ ယူပေးရပါမယ်။ သိပါများများလာရင်တော့ တဖြည်းဖြည်း လျော့လျော့သွားပါလိမ့်မယ်။ ဒါက စိတ္တာနုပဿနာခေါ်တဲ့ ၀ိပဿနာနဲ့ အဆင့်မြင့်မြင့် ပယ်ထုတ်ပစ်လိုက်တာပါ။ 
…ကိုယ့်ရင်ထဲမှာ အကုသိုလ်စိတ်တစ်ခုဝင်လာရင် အဲဒီအကုသိုလ်စိတ်ကို ဥာဏ်နဲ့ စိုက်ကြည့်တဲ့ အလုပ်ကို သေချာထုံထားလိုက်ပါ။ ကြာလာရင် ကိုယ်မျှော်လင်တဲ့ စိတ်ချမ်းသာမှုလေးတွေ ရောက်လာပါလိမ့်မယ်။ 
…ကိုယ်က ၀ိပဿနာနဲ့ အဆင့်မြင့်မြင့် မပယ်နိုင်သေးဘူးဆိုရင်တော့ ဖြစ်နေတဲ့ အကုသိုလ် ကလေးကိုပဲ စိုက်ကြည့်ပြီး “အကုသိုလ်ဆိုတာ မကောင်းဘူး၊ စိတ်ကိုလည်း ပူလောင်စေတယ်၊ ရုပ်ကိုလည်း ပူလောင်စေတယ်” လို့ ထပ်ကာ ထပ်ကာလေး ဆင်ခြင်ပေးနေလိုက်ပါ။ ကိုယ့်ရဲ့ ဆင်ခြင်မှုကို အသိဥာဏ်က လက်ခံသွားပြီဆိုရင် ဖြစ်နေတဲ့ အကုသိုလ်လေးက ထွက်သွားတာ များတယ်။ 
…ဆင်ခြင်ပေမယ့် အသိဥာဏ်ပိုင်းက လက်မခံသေးဘူးဆိုရင်တော့ အကုသိုလ်က မထွက်သေးပါဘူး။ ဆင်ခြင်မှုတွေများလာတဲ့အခါ အသိဥာဏ်ပိုင်းက လက်ခံသွားတဲ့အခါမှာတော့ အကုသိုလ်လေးက မနေ၀ံ့တော့ပါဘူး။ ထွက်ကို ထွက်သွားရတော့တာပါ။ 
…ဆင်ခြင်တဲ့နေရာမှာ “ဘယ်သူက ဘယ်တုန်းက ဘယ်လိုပြုခဲ့လို့ ဘယ်လိုဆိုးကျိုးတွေ ပေးသွားတာ” စသည်ဖြင့် ကိုယ် လက်တွေ့ တွေ့မြင်ခဲ့ရတာလေးတွေနဲ့ယှဉ်ပြီး အကုသိုလ်ရဲ့ အကျိုးအပြစ်လေး တွေကို ပေါ်နိုင်သမျှပေါ်အောင် ပုံဖော်ပြီး ကိုယ်ဆင်ခြင်တတ်သလို ဆင်ခြင်လို့လည်း ရပါတယ်။ ဒါမှမဟုတ် ကိုယ်ကြားဖူးထားတဲ့ အကုသိုလ်ဆိုးကျိုး ၀တ္ထုဇာတ်လမ်းတွေကို အာရုံပြုပြီး ဆင်ခြင်လို့လည်း ရပါတယ်။ 
…အဓိကကတော့ ဒီအကုသိုလ်စိတ်ကလေးကြောင့် ကိုယ်စိတ်ဆင်းရဲနေရတယ်ဆိုတာ သေချာ သိထားဖို့ပါပဲ။ သိထားပြီး ကိုယ်ကိုယ်တိုင်ကလည်း ဒီအကုသိုလ် စိတ်ကလေးကို မလိုလားဘူးဆိုရင် ဆင်ခြင်ပြီးပဲ ပယ်ပယ်၊ ၀ိပဿနာမှတ်ပြီးပဲ ပယ်ပယ် ပယ်လို့လွယ်သွားတာများပါတယ်။ 




ရေပါအောင် ကျွဲကူးခြင်း
          ရပ်စကား ရွာစကား၊ တောစကားတောင် စကားတို့သည် လူ့ဓလေ့ ရပ်ရွာဂဓလေ့မှ ပေါ်ထွန်း လေ့ရှိပြီး ပတ်ဝန်းကျင်မြင်ကွင်းက အသိပညာပေးခြင်းဟုဆိုနိုင်၏။ ဆိုရိုးစကားနှင့် စကားပုံများကို ဖြစ်ပေါ်စေပြီး အမှုမဲ့ အမှတ်မဲ့ မဟုတ်ကြောင်း သိသာ၏။ မြင်တတ် ကြားတတ်ခြင်းဖြင့် လူမှုဝန်းကျင် ကို ဖြောင့်ဖြူးစေသည်။ နှောင်းအတိတ်ကို ပုံရိပ်ထင်စေသော သုတပညာလည်းဖြစ်၏။
          ကျွန်တော်သည် ရွာ၌ ကြီးပြင်းရစဉ် ကျွဲနွားများဖြင့် အလုပ်လုပ်ရ၏။ ထိန်းကျောင်းရ၏။ သူတို့သည် အိမ်းမွေးတိရစ္ဆာန် အသုံးချ သတ္တဝါများဖြစ်၏။ လယ်ယာနှင့် ကျွဲနွားသည် စီးပွားဖက်ဖြစ် ၏။ သွားရေးလာရေးကိရိယာဖြစ်၏။ ဒီတော့ လူတို့ဘက်က သူတို့ကို ပြုစုပေးရ၊ ကျွေးမွေးရပြန်၏။ သူတို့၏ ဟန်ပန်လှုပ်ရှားမှုက စာပေအရာ ဝင်လာသည်အထိ တွယ်ကျယ်သော ဆိုရိုး ဆိုထုံး များဖြစ်လာ၏။ မြန်မာ့လယ်ယာသည် ကျွဲနွားမပါလျှင်မပြီး။ ခေတ်သစ် စက်မှုလယ်ယာ လောက ဆိုသော်လည်း ကျွဲနွား ကို ဆက်လက် အားထားနေရ၏။ နွားက လူနှင့် ပို၍ နီးစပ်၏။ ကျွဲကိုလည်း စွန့်လွတ်၍ မဖြစ်။ သူ့ တန်ဖိုးနှင့်တူ ဖြစ်၏။ ကျွဲ၏ အမူအယာကပင် လူ့အဖွဲ့အစည်းအတွက် ဘဝ ပေးအသိ အတွေးဖြစ်စေ သည်။
          လူငယ် လူရွယ်တို့အား ပြောဆို ဆုံးမရ ခက်ခဲပါက “ကျွဲပါးစောင်းတီး” ဟု ဆိုကြသည်။ ဂီတ  ရသမြောက်သော စောင်းပညာဖြင့် ကျွဲအနီးတီးခတ်လျှင် ဘာမျှ အကျိုးမရှိ၊ အချည်းအနှီးသာဖြစ်သည်။ ယင်းအခြေအနေ မဆိုက်ရောက်သင့်။ ရပ်သံရွာသံဖြင့် ဒိုးဒိုးဒေါက်ဒေါက် ပြောခြင်းဖြစ်ရာ အထိနာစေ သလောက် သိသာလွယ်၏။ နက်ရှိုင်းပေ၏။ နာစရာ ရှိလျှင် နာကျင်သွားစေ၏။
          တစ်ခါတစ်ရံ မမျှော်လင့်ဘဲ ကြားညှပ်ခံစားရမှုများ ကြုံရ၏။ ကျွဲနှစ်ကောင်ခတ်သည့်ကြား မြေစာပင်ဖြစ်ရသကဲ့သို့ မွကြေခြင်းဖြစ်၏။ ရှောင်ရှားတတ်ရ၏။ အသိပညာလို၏။ ဆင်ခြင်တိုင်းထွာ နိုင်စွမ်းရှိရပေမည်။ ယခုကာလ၌ မြေစာပင်ဖြစ်ရသည့် အထိနာမှုများ ဒုနှင့် ဒေး။ မြင်ကွင်းမလှ ဘဝကံ အကြောင်း မကောင်းဖန်လာမှုများ ရှိပေရာ သတိပေးရေး၊ ညှိနှိုင်းကြရသည်က မျက်မြင်ကိုယ်တွေ့ အသိ အကြောင်းအရာ အများစုဟု ဆိုချင်၏။
          ရှေးထုံးသက်သေ “ကျွဲမြီးတို”  စကားလေးက  တာသွား၏။ စိတ်မဆိုးသော်လည်း ကျွဲမြီးတို ခြင်းသည် သည်းခံနိုင်မှု အတိုင်းအဆကို ကျော်လွန်ခြင်းဖြစ်၏။ မည်မျှပင် သည်းခံစိတ်ရှိစေကာမူ လွန် ကဲပါက မခံမရပ်နိုင်ဖြစ်ရ၏။ အနိုင်ရတိုင်း မညှဉ်းဆဲသင့်၊ နှစ်ဘက်နှစ်ဝ စဉ်းစားရလေသည်။
          ပြုမူသမျှ အငမ်းမရဖြစ်ရလွန်းလျှင် “ ကျွဲရေသောက်၊ နွားရေသောက်” ဟု ဆိုကြပြန်၏။ အချို့ သောအရာများက လူပုဂ္ဂိုလ်များကို အမြင်ဖြင့် အထင်မသေးအပ်။ “ လူနံပိတ် ကျွဲချိုလိမ်” ဟု သုံးနှုန်း ကြ၏။ ခွန်အားရှိမှုကိုညွှန်းပါ၏အမြင်က အထင်သေးစရာဖြစ်သော်လည်း စွမ်းပကားရှိ တတ်ကြောင်း ဆင်ခြင်တွေးဆရ၏။
          အမြင်တင့်စရာ မရှိသည့် အခြေအနေကို “ကျွဲတစ်ဖက် နွားတစ်ဖက်”ဟုဆို၏။ သဘာဝမတူမှု ကို ညွှန်ခြင်းဟု ဆိုနိုင်၏။ သို့သော် ကျေးလက်သဘာဝအရ   ကျွဲနွားမပြည့်စုံသည့်  လယ်သမားအဖို့မရှိ
လျှင် ရှိသည်နှင့် အဆင်ပြေအောင် လုပ်ရပါ၏။ လယ်ယာထွန်းယက်ခြင်း၌ ရုန်းကန်ပုံချင်းမတူသည့် ကျွဲနှင့်နွားကို အသုံးတည့်အောင် စီမံမှုဖြစ်သည်။ အမြင်အတွေ့ ဘဝင်မကျစရာ မရှိဟု ဆိုနိုင်သော် လည်းရည်ရွယ်ချက်ကိုမူ အထမြောက်စေပေသည်။
          အလေးထားသင့်သည့် ကျွဲနှင့် စပ်လျဉ်းသော ဆိုရိုးစကားရှိသေး၏။ “ကျွဲကူး ရေပါ”ဖြစ်၏။ တစ်ဆက်တစ်စပ်တည်း ဆောင်ရွက်ခြင်း၊ သီးခြားဆောင်ရွက်ရန်မလိုခြင်း၊ အကျိုးနှစ်ခု ပြီးခြင်းတို့ အကျုံးဝင်၏။ ကျွန်တော်တို့ ကျွဲကျောင်း၊ နွားကျောင်းဘဝတွင် ချောင်းကူး၊ မြောင်းကူး ကိစ္စ၌ ကျွဲနှင့် အတူ ရေလည်းပါ၊ ဂယက်လည်းထစေ၏။
          အလုပ်တစ်ခု လုပ်သော်လည်း နှစ်ခုပြီးပါက အဆင်ပြေ၏။ ကောင်းမြတ်သောပရဟိတ ကိစ္စ များ၌ ပိုမို အကျိုးရှိ၏။ အကောင်း အဆိုးလည်း ဒွန်တွဲတတ်၏။ လွန်ခဲ့သော ဆယ်စုနှစ်နှစ်ခုခန့်က ဖြစ်၏။ ဥပဒေနှင့် လျော်ညီစွာ ဆောင်ရွက်ရသော အရာရှိတစ်ဦးနှင့် ဆုံစည်းဖြစ်၏။ ရည်ရွယ်ချက် အထမြောက်အောင် လုပ်နေရသော်လည်း လူမုန်းခံရမှုများရှိရာ ကျွဲကူးရေပါ ဖြစ်ရသည်ကို စိတ်ပျက် လက်ပျက် ပြောဖူး၏။
          ကျွဲကူးရေပါခြင်းသည် မိမိ၏ ဆန္ဒစေတနာ သဘောထားနှင့်ဆိုင်၏။ စေတနာကောင်းလျှင် အဖိုးတန်၏။ ကံ ကံ၏ အကျိုးလည်းဖြစ်၏။ မိမိစေတနာဆန္ဒအလျောက် ပြုမူဆောင်ရွက်ခြင်း ဂယက် သည် လိုက်ပါလာတတ်၏။ ကောင်းကျိုး ဆိုးပြစ်ခံစားရ၏။ ဆရာတော်ကြီးများ ဟောကြားသကဲ့သို့ နွားလှည်းမောင်းနှင်ရာတွင် နွား၏ ခြေရာကို လှည်းဘီးကနင်းသကဲ့သို့ ဖြစ်လေသည်။ ဖဝါးခြေထပ် ကပ်ငြိတတ်၏။ တွေးဆဖွယ် ဆင်ခြင်ဖွယ် အလုပ်များ ရှိပေ၏။
          သူတစ်ပါး မကောင်းကြံလျှင် ကိုယ်ကျိုးနည်းရမည်သာဖြစ်၏။ အရပ်စကားဖြင့် ပြောရပါက ဝဋ်လိုက်ခြင်းဖြစ်လေသည်။ “ဝဋ်မှာ အမြဲ ငရဲမှာအပ”ဟု ဆိုလေ့ရှိ၏။ ငရဲကျမည်ကို ကုသိုလ်ဖြင့် တားဆီးနိုင်သော်လည်း ဝဋ်ကိုမူ မတားဆီးနိုင်။ ဘုရားရှင်သော်မှ ဝိပါတ် (၁၂)ပါး ကြုံခဲ့ရ၏။
          ကံကြမ္မာဖန်လာခြင်းသည် အကြောင်းမဲ့မဟုတ်။ အကြောင်းအကျိုး ဆက်နွယ်၏။ အပြုအမူ နှင့် စိတ်စေတသိတ်အပေါ် တည်မှီ၏။ ဘုရားရှင်လက်ထပ် လက်ဝဲတော်ရံ ရှင်မောဂ္ဂလာန်သည် တန်ခိုး ဣဒ္ဓိပါဒ်အရာ၌ ဧတဒဂ်ရ ဖြစ်၏။ မြင့်မြတ်ပါ၏။ သို့သော် မိဘကို စော်ကားမော်ကား လက်ရောက် ကျူးလွန်ခဲ့သည့် ဒဏ်သည် ကျွဲကူးရေပါဖြစ်ရလေသည်။ ရဟန္တာဘဝတွင် ခိုးသားငါးရာ၏ ရိုက်နှက် ခြင်းကိုခံရသည်။ မတားဆီးနိုင် နှစ်ကြိမ်လွတ်မြောက်သော်လည်း တတိယအကြိမ်၌ မရှုမလှ ဖြစ်ရ၏။
          ယဉ်ပါးသော ဒဏ္ဍာရီတစ်ခုရှိ၏။ သိကြားမင်းသည် ဘဝဟောင်းမှ သားကို ကူညီချင်၏။ သား ဖြစ်သူက အရက်သေစာ သောက်စားမူးရစ်နေတတ်၏။ ဥစ္စာပစ္စည်းမရှိ၊ လူလုံးမလှ လူရာမဝင်ဖြစ်နေ ၏။ ကူညီလို၏။ သို့ဖြစ်လိုတရ ဣစ္ဆာသယအိုးတစ်လုံးကိုပေး၏။ ဤ အိုးသည် မြေအိုးဖြစ်ပြီး မကွဲရှ အောင်ထိန်းသိမ်းပါ။  လိုရာဆန္ဒရှိစေသည်ဟု ဆို၏။ သားဖြစ်သူအဖို့ အဆင်ပြေသွား၏။ သို့သော် တသ်ကြိမ်တွင် အရက်ယစ်မူးကာ အိုးကို မြှောက်ကစား၏။ နောင်တွင် ဘာမျှ မရနိုင်တော့။ ဒုံရင်းဘဝ ရောက်သွား၏။ ကံကြမ္မာကို မယုံ၍လောမသိ၊ မယုံ၍တော့မရ။ လက်တွေ့ကြုံရ၏။ ကျွဲကူးရင်း ဂယက် ထသွား၏။ ရေပါသွားလေပြီ။ မကောင်းသည့် ဂယက်ဖြစ်၏။
          သွားရင်းလာရင်း တစ်ခုလုပ်ကာ နှစ်ခုပြီးစေသည့် လူမှုရေးကိစ္စများကို ဆောင်ကြဉ်းကြဖူးပေ သည်။ ကြုံခဲ့ရသော သက်ကြီး ပူဇော်ပွဲများစွာရှိ၏။ ဒါနခန်းအတွက် အရိုအသေနှင့် နိဝါတအရ ကုသိုလ်ဖြစ်၏။ တစ်ချိန်တည်းတွင်  ပေါင်းဟောင်း  သင်းဟောင်း  မိတ်ဆွေဟောင်း/ သစ်များနှင့်   ဆုံ
စည်းခြင်းဖြစ်၏။ စီးပွား လူမှု အကျိုးဖြစ်ရသည့် သာဓကများဆိုချင်၏။
          မကြာမီ ကျွန်တော်သည် ရန်ကုန်နှင့် မိုင် ခြောင်ရာခန့် ကွာဝေးသော သီပေါမြို့နယ် နမ့်လန် ဆိုသည့်ရွာသို့ စာပေဟောပြောပွဲ ထွက်ခဲ့ရ၏။ ဒေသနေတို့က နွေးထွေးစွာကြိုဆိုကြ၏။ ရွာတွင် စာပေ ဗဟုသုတဖြန့်ချီမှု သုံးကြိမ်ပြုခဲ့၏။ သူတို့က ကျေးဇူးတင်၏။ ဝမ်းမြောက်ကြ၏။ တစ်ကြိမ်မျှမပြုခဲ့ ဖူးသည့် စာပေသဘင်က အောင်မြင်ပေ၏။ လက်ဆောင်ပစ္စည်း၊ ငွေကြေးကလည်း ထိုက်တန်၏။ ကျွန်တော်တို့အဖို့ ဒေသန္တရ ဗဟုသုတကြွယ်ဝခဲ့၏။ ဒေသနေတို့၏ စိတ်ထား စေတနာကို မြင်ရ၏။ အပြန်အလှန် ခင်မင်ကြ၊ ကျေးဇူးတင်ကြ၏။ ထို့နောက် စာပေမှတ်တမ်းဖြင့် စာနယ်ဇင်းများတွင် ရေးသားကြသည်။ မိတ်ဆွေရင်းများဖြစ်သွားကြသည်။
          သူတို့လိုအပ်ချက်များဖြည့်ဆည်းရင်း မိမိလည်းပြည့်စုံ၍ အဆင်ပြေလှ မေ့မရဖြစ်ရပေ၏။ ကျွဲ ကူးရင်း ရေလည်းပါ ဂယက်ကောင်းများလည်း ထစေ၏။ ပရဟိတစိတ်များလည်း ပို၍ နိုးထစေခဲ့၏။ အတွေ့အကြုံများပါ ပြောမဆုံးပေါင် ဖြစ်ရလေ၏။
          ကျွန်တော် အတွေးကြယ်မိ၏။ ရေထဲ ကျွဲကူးလျှင် ရေပါ ဂယက်ထ၏။ တစ်ဆက်တစ်စပ်တည်း ဖြစ်၏။ ထို့အတူ အသင်းအဖွဲ့များ၊ လူမှုရေးကိစ္စများ၊ စီးပွားရေးနယ်ပယ်၊ နိုင်ငံရေးအရာတို့၌ ဂယက် ကောင်းများ ပါစေချင်၏။ ယခုခေတ်တွင် အသိအမြင်တိုးစရာ ပညာရပ်များ ဖြန့်ဝေမှုက များပြားပါ၏ ခံစားမှု (Felling) နောက်သို့ လိုက်၍ချည်း မဖြစ်နိုင်။ တွေးဆမှု (Thinking) ကိုပါထည့်သွင်း စဉ်းစားရပေတော့မည်။ အကျိုးယုတ်စေသည့် ဝဲဂယက်တွင် နစ်မျောမနေသင့်။ အကျိုးပွားများသည့် လှိုင်းဂယက် (Wave) များ ထသင့်ပေ၏။ ရေပါအောင် ကျွဲကူးခြင်းနှင့် ကျွဲကူးရင်း ရေပါသည့် အမူ အရာတို့ များစေချင်လှပါ၏။


ညွန့်ဟန်(ကြူတော)

Wednesday, January 6, 2016

64 bit နှင့် 32 bit OS များ၏ စွမ်းဆောင်ရည်များ



တကယ်လို့ ကျွန်တော်တို့တွေဟာ လတ်တလော အခြေအနေမှာ ရှိနေတဲ့ operating system တွေရဲ့ 64-bit နဲ့ 32-bit အကြောင်းကို တိတိကျကျ သိရှိမထားလို့ သူတို့ ( ၂ ) ဦးမှာ ဘယ်ဟာက ဘယ်သူ့ထက်ပိုကောင်းသလဲ ဆိုတာ ခွဲခြားရခက်နေမယ့် အခြေအနေမျိုး ရှိနေပြီဆိုရင် ဒီ မရေရာနဲ့ အသိစိတ်နဲ့ အတူ တဆက်တစပ်တည်း ပူးတွဲခံစားလာရတဲ့ မေးခွန်းတစ်ခုက " 64-bit version Windows ကို တကယ်ရော ကျွန်တော်တို့ အသုံးပြုသင့်ရဲ့လား ? " ဆိုတဲ့ မေးခွန်းပါ။ တကယ်လို့ အသုံးပြုသင့်ပြီ ဆိုရင်ရော " ဘာကြောင့် 64-bit version Windows ကို အသုံးပြုသင့်တာလဲ ? " ။ ဒီမေးခွန်းတွေအတွက် သင့်တော်မယ့် အဖြေတစ်ခုဆီ ကျွန်တော်တို့ချဉ်းကပ်ကြည့်ပါမယ်။

လတ်တလော အခြေအနေမှာ Users တွေ အတော်များများကတော့ operating system အတွက်ရွေးချယ်တဲ့ နေရာမှာ အရင်က အသုံးများခဲ့ကြတဲ့ 32-bit version ကိုကျော်လွန်ပြီး အခုဆိုရင် 64-bit version ကိုပဲ သူတို့ရဲ့ စက်တွေမှာ ထည့်သွင်းဖို့ ရွေးချယ်လာကြပါပြီ။ ဒါပေမယ့် အတော်များများကတော့ 64-bit နဲ့ 32-bit နှစ်ခုမှာ သူတို့ ( ၂ ) ခုက ဘယ်လိုကွာခြားလဲဆိုတာ ခုချိန်ထိ ရေရေရာရာ မသိရှိကြသေးပါဘူး။ အဲ့ဒါကြောင့် ကျွန်တော်တို့တွေ ခုဒီ Thread မှာ တကယ်လို့ ကျွန်တော်တို့ရဲ့ OS အတွက် 64-bit version ကိုရွေးချယ်ခဲ့မယ် ဆိုရင် အဓိက အကျဆုံး အရေးကြီးဆုံး ဘယ်ကွာခြားချက်တွေ ကျွန်တော်တို့အတွက် ရရှိနိုင်မလဲ ဆိုတာ အလွယ်ကူဆုံးနားလည်နိုင်ဖို့ ကြိုးစားကြည့်ပါမယ်။

ဘယ်လို Version မျိုးများ ကျွန်တော်တို့ဆီမှာ ရှိနေပါသလဲ ??
ကျွန်တော်တို့ ကွန်ပြူတာမှာ ဘယ်လို Version မျိုး Run နေသလဲဆိုတာသိရှိနိုင်ဖို့ Control Panel ထဲက System properties မှာ သွားရောက်ကြည့်ရှုနိုင်သလို တစ်ခြားနည်းအားဖြင့်လည်း start menu ဒါမှမဟုတ် Desktop ပေါ်မှာ ရှိနေတဲ့ Computer icon ပေါ်မှာ Right-click ထောက်ပြီး Menu မှာ ပါဝင်နေတဲ့ Properties ကနေ တဆင့်လည်း ကြည့်ရှုလို့ ရပါတယ်။ Windows 7 နဲ့ Vista Users တွေကတော့ System type ရဲ့အောက်မှာ ကြည့်ရှု့လို့ ရပါတယ်။
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4qAvg48zoDXTag2J-hTIj_pfI27qHXoFY7KE2mvvtGJAXsi45PFeu3wFfHV3jSD9jO-oKRt6IG67eBKF4j06HC5RUXzkOBdKII6xUOEi3OoxtBnVhYbeBJLavAI-f1RDixGPaocsJtSE/s320/1.jpg
ဒီနေရာမှာ မဖြစ်မနေသိထားသင့်တာ တစ်ခုက ကျွန်တော်တို့ရဲ့ ကွန်ပြူတာမှာ 64-bit operating system Run နိုင်ဖို့ အတွက် ကျွန်တော်တို့ရဲ့ CPU ဟာ 64-bit ကို Suppot ဖြစ်ဖို့ လိုတယ်ဆိုတာပါ။ တကယ်လို့ ကျွန်တော်တို့တွေဟာ အရည်အသွေးမြင့်တဲ့ modern CPU တွေကို သုံးမယ် ဆိုရင်တော့ 64-bit operating system ကို Run နိုင်ဖို့ အတွက် အထူးအထွေ ပြဿနာ မရှိပါဘူး။ ဒါပေမယ့် တစ်ချို့ ဈေးနှုန်းချိုသာပြီး Quality ချထားတဲ့ ကွန်ပြူတာတွေမှာတော့ 64-bit ကို support မလုပ်တဲ့ processor တွေ ရှိနေတတ်တာတွေလည်း တွေ့ရတတ်ပါတယ်။

32-bit မှာ တကယ်ပဲ Memory Limit ကန့်သတ်ချက် ရှိနေသလား ??
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6YoUrogtx7cxCM7Giw83ELXegzm9oFuu9HY-_84O0MmUeUSlIwfkUIRjuG1zEYDoi22FS2n8xExfsfI6aAzGckxBJFANvzGtGA8zkjp_rXKPhIQ1PmWklQwbfFf9kZgO33ADRfbznpa0/s320/2.jpg

ဘယ် 32-bit operating system မှာ မဆို ကျွန်တော်တို့တွေ အတွက် RAM ပမာဏကို 4096MB ထိပဲ နောက်ဆုံး တိုးမြှင့်နိုင်ဖို့ ကန့်သတ်ထား ပါတယ်။ ဘာကြောင့်လဲ ဆိုတာ အလွယ်ကူဆုံး ပြောရမယ် ဆိုရင်တော့ 32-bit မှာ ကန့်သတ်ထားတဲ့ တန်ဖိုးပမာဏ အရ သူဟာ နောက်တိုး ပမာဏကို လက်မခံနိုင်တော့လို့ ပါပဲ။ နားလည်တတ်ကျွမ်းတဲ့ စာဖတ်သူတစ်ချို့ကတော့ ဒီနေရာမှာ PAE ( PAE ဆိုတာ processor technology တစ်ခု ဖြစ်ပြီး လက်ရှိသုံးနေတဲ့ OS မှာ Memory ကို အနည်းငယ် ထပ်မံတိုးမြှင့်ပြီး သုံးနိုင်အောင် စွမ်းဆောင်နိုင်တဲ့ နည်းပညာကို ခေါ်ပါတယ်။ ) ကို Support ပေးတဲ့ Modern Chips တွေကို ထောက်ပြပြီး စောဒက တက်စရာ ရှိပါတယ်။ ဒါပေမယ့်လည်း အဲလို သုံးမယ်ဆိုရင် ကျွန်တော်တို့ သုံးနေကျ applications တော်တော်များများကနေ အတည်မပြုကြသေးတဲ့ ရှာရခက်ခဲမယ့် special application support မျိုးတွေ အရေးတကြီး လိုအပ်လာမှာ ဖြစ်ပါတယ်။ Windows, Linux နဲ့ Mac OS X တွေမှာ အသီးသီး မတူညီကြတဲ့ ပြဿနာ ရပ်တစ်ခု ရှိပါတယ်။ အဲတာကတော့ Windows-specific problem ပါ။ 32-bit Linux နဲ့ Mac OS X မှာလည်း သူတို့အတွက် တူညီတဲ့ ကန့်သတ်ချက်တွေ ဆိုတာ ရှိနေပါတယ်။ 32-bit Linux က extra memory ကို ထပ်မံတိုးမြှင့် အသုံးနိုင်ဖို့ လမ်းညွှန်မှု တွေကြည့်ပြီး သွားနေရတဲ့ အချိန်မှာ Mac ရဲ့ OS X Snow Leopard ကလည်း older systems တွေမှာပါတဲ့ default 32-bit kernel မှာ Memory ထပ်တိုးနိုင်ဖို့ ကြိုးစားနေဆဲပါပဲ ၊ ဒါပေမယ့်လည်း လုပ်ဆောင်နေရင်းနဲ့ ခုချိန်မှာတော့ သူ့ရဲ့ OS ကို 64-bit Run နိုင်ဖို့ကိုပဲ ဦးတည်နေတာ တွေ့ရပါတယ်။

32-bit နှင့် အခြားသော ပြဿနာရပ်များ
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgAZ06w30cR4Uhy0hV9O6DgXbB7oWU75zmoNTU22fgPBoBs-MylTaI_DD9FxtvN874I629Yd2Q2BJOzmm-_ymVUro1h7C02WyzifqvGM4UlcMO8t-ldVs4J5hRw0X_5YK4q6ENxFdFis0/s320/3.jpg

32-bit မှာ Memory တိုးနိုင်ဖို့ ကန့်သတ်ချက် တစ်ခုတည်း ရှိတာတင် ပြဿနာ မဟုတ်ပါဘူး သူ့မှာ တခြား ပြဿနာရပ်တွေလည်း ရှိနေပါသေးတယ်။ အဲတာကတော့ ကျွန်တော်တို့ရဲ့ video card နဲ့ motherboard BIOS တွေက သူတို့ရဲ့ Space ကို 4GB ထိရောက်အောင် နေရာယူနိုင်တယ် ဆိုတဲ့ ပြဿနာပါ ဒီပြဿနာကြောင့် ဘာဖြစ်လာနိုင်သလဲ ဆိုရင် operating system ကနေ အမှန်တကယ် သုံးရမယ့် RAM ပမာဏက လက်ရှိ မိမိစက်မှာ ရှိနေတဲ့ RAM ပမာဏထက် လျော့နည်း လာနိုင်တယ် ဆိုတာပါပဲ။

ဒီအကြောင်းအရာနဲ့ ဆက်စပ်ပြီး ဥပမာပေးရရင် Windows ပိုင်းဆိုင်ရာမှာ ကျွမ်းကျင်တဲ့ Mark Russinovich က သူ့ရဲ့ 32-bit Windows မှာ RAM 4 GB နဲ့ 1 GB Video cards ၂ ခု စိုက်ထားခဲ့ပေမယ့် သူ့ကွန်ပြူတာကို သူ ပြန်လေ့လာကြည့်တော့ OS အတွက် ပေးနိုင်မယ့် RAM ပမာဏက 2.2 GB ကျန်တော့တယ် ဆိုတာကို သူရှာဖွေသိရှိခဲ့ပါတယ်။ ဒါဟာ ဘာကို ဆိုလိုတာလဲ ဆိုရင် ကျွန်တော်တို့ machine မှာ Quality ကောင်းကောင်းနဲ့ စွမ်းဆောင်ရည် မြင့်တဲ့ video cards တွေရှိလာတာ နဲ့ အမျှ မိမိ operating system ကနေ အမှန်တကယ်သုံးရမယ့် RAM ပမာဏဟာ 32-bit system မှာ လျော့နည်းလာနိုင်မယ် ဆိုတဲ့ အချက်ပါပဲ။

64-bit က ဘာတွေများ ကွာခြားသလဲ ??

32-bit က RAM ပမာဏ 4 GB ကိုပဲ လက်ခံနိုင်တယ်လို့ ပြောခဲ့ပြီးတဲ့ နောက်မှာ 64-bit machine တွေကရော system memory ဘယ်လောက်များများ လက်ခံနိုင်ပါသလဲ။ ဟုတ်ကဲ့ 64-bit machine တွေက 17.2 BILLION gigabytes ထိ လက်ခံနိုင်ပါတယ်။ အနာဂတ်မှာဆို ဒီ့ထက်ပိုပြီးတောင် ကျယ်ပြန့်လာဦးမှာပါ။ ဒါက ဘာကို ဖြေရှင်းပေးနိုင်သလဲ ဆိုရင် အပေါ်မှာ ပြောခဲ့တဲ့ video cards နဲ့ အခြားသော devices တွေကနေ OS က သုံးရမယ့် memory space ကို ခိုးယူစရာ မလိုတော့ဘူးဆိုတဲ့ သဘောနဲ့ တူတူပါပဲ။ ဒီနေရာမှာ တစ်ခု ရှိတာက Windows 64-bit Home editions တွေမှာ Licensing ကန့်သတ်ချက်ကြောင့် RAM ပမာဏကို အများဆုံး 16 GB ထိ ကန့်သတ်ထားတယ် ဆိုတာပါ။ ဒါပေမယ့်လည်း တခြားသော Professional နဲ့ Ultimate versions တွေမှာတော့ RAM ပမာဏကို 192 GB ထိ တိုးမြှင့် အသုံးချပိုင်ခွင့် ရရှိမှာ ဖြစ်ပါတယ်။ ဒါ့အပြင် RAM ပမာဏ သုံးစွဲမှု များတဲ့ video editing လို virtual machines တွေလို Applications မျိုးတွေကို အသုံးချတဲ့ အချိန်မှာ 64-bit Windows က virtual memory ကို 8 TB ထိ တိုးမြှင့် အသုံးချနိုင်တာမို့လို့ ကိုယ် အသုံးပြုချင်တဲ့ Applications တွေကို ပိုပြီး သက်တောင့် သက်သာနဲ့ အသုံးချနိုင်မှာ ဖြစ်ပါတယ်။

32-bit Applications များ 64-bit တွင် အလုပ်လုပ်ပါ သလား ??

ကြီးမားတဲ့ ပြောင်းလဲမှု တစ်ရပ်အနေနဲ့ကတော့ ကျွန်တော်တို့ လက်ရှိသုံးနေတဲ့ 32-bit applications တွေဟာ 64-bit Windows မှာလည်း အဆင်ပြေစွာနဲ့ ဆက်လက် ရှင်သန်နေဦးမယ် ဆိုတာပါ။ ဘာဖြစ်လို့လဲ ဆိုရင် 64-bit Windows မှာပါတဲ့ WoW64 လို့ ခေါ်တဲ့ compatibility layer ကနေပြီး ကျွန်တော်တို့ရဲ့ Processor ကို 32-bit ရှိရာဆီ နောက်ပြန်ဆွဲခေါ်သွားပြီး 32-bit နဲ့ 64-bit ကြားမှာ ဘယ်လိုအချိန်းအပြောင်း လုပ်ဆောင်ရမယ် ဆိုတာ သူက စီမံပေးနိုင်ပါတယ်။ ဒါကြောင့်မို့လို့ 64-bit environment တွေမှာ 32-bit software တွေကိုလည်း ကျွန်တော်တို့ အဆင်ပြေပြေနဲ့ Run နိုင်မှာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဒီနေရာမှာ တစ်ချို့ ချွင်းချက်လေးတွေတော့ ရှိနေပါသေးတယ်။ 32-bit device drivers တွေနဲ့ low-level system applications တွေဖြစ်တဲ့ Antivirus လိုမျိုး နောက်ပြီး တခြား Windows မှာရှိနေတဲ့ software မျိုးတွေ ၊ တစ်ချို့ media applications တွေကတော့ 64-bit နဲ့ အလုပ်လုပ်နိုင်မှာ မဟုတ်ပါဘူး။

ဒီပြဿနာအတွက်ကတော့ ကျွန်တော်တို့ 64-bit version ကို မသုံးခင်မှာ ကျွန်တော်တို့ မဖြစ်မနေ အသုံးပြုရမယ့် favorite applications တွေကို ကျွန်တော်တို့ အသုံးပြုမယ့် 64-bit version မှာ အသုံးပြုလို့ ရမရ ဆိုတာ ကျွန်တော်တို့ ကြိုတင်စစ်ဆေးလေ့လာ ပြီးမှ အသုံးပြုသင့်မသင့် ဆုံးဖြတ်သင့်ပါတယ်။

64-bit က RAM ကို နှစ်ဆ အသုံးပြုတယ်ဆိုတာ ဟုတ်ပါသလား ??

64-bit Windows တွေမှာ RAM တစ်ခုရဲ့ လုပ်ဆောင်မှုပေါ်မူတည်ပြီး လွဲမှားနေကြတဲ့ အခြေခံအယူအဆ တစ်ချို့ ရှိပါတယ်။ အဲတာကတော့ -
တစ်ချို့ကတော့ 64-bit Windows တွေဟာ 32-bit Windows တွေထက် နှစ်ဆလောက် ပိုမြန်တယ်လို့ ယူဆနေကြတဲ့ အချိန်မှာ တစ်ချို့ သူတွေက 64-bit Windows တွေဟာ RAM ကို နှစ်ဆတိုးပြီး အသုံးပြုတယ်လို့ယူဆနေကြ ပါတယ်။

ဒီယူဆချက်ကို အတွက် ရှင်းရရင် 64-bit Windows တွေဟာ extra memory ကို နဲနဲ ပိုယူတယ်ဆိုတာ မှန်ပါတယ်။ ဒါပေမယ့် ဒီလိုပိုယူတယ်ဆိုတာကလည်း များပြားလှတဲ့ RAM ပမာဏ အတွက် ညွှန်းဆိုနိုင်ဖို့ memory pointers က နဲနဲ ပိုယူထားတဲ့ သဘောပါပဲ .. နှစ်ဆလောက် သုံးတယ်ရယ်လို့တော့ မဟုတ်ပါဘူး။ ဘာနဲ့ သဘောတရားတူမလဲ ဆိုရင် ရှေးကျတဲ့ စာကြည့်တိုက် တစ်ချို့ဆီ ကျွန်တော်တို့ သွားကြည့်တဲ့ အခါ ( ကျွန်တော် ဌားရမ်းခဲ့ဖူးတဲ့ မြန်မာနိုင်ငံက စာကြည့်တိုက်တွေမှာတော့ ဤစနစ်မျိုး မကြုံခဲ့ဖူးပါ။ ) library ထဲက ဘယ်နေရာတွေမှာ ဘယ်စာအုပ်တွေထားရှိတယ်ဆိုတာ ညွှန်းဆို ဖော်ပြတဲ့ ကဒ်တွေ ထည့်သွင်းထားတဲ့ ဖိုင်မျိုးတွေ ရှိတတ်ပါတယ်။ တကယ်လို့ ကျွန်တော်တို့ လက်ထဲမှာ အဲလိုကဒ်ပေါင်း တစ်ခုမက ရာနဲ့ချီရှိနေလည်း library ဆိုတာကြီးက နှစ်ဆပိုကြီး မသွားဘူး မလား။ ကိုယ့်ဆီမှာ အဲလိုကဒ်ပေါင်း ရာနဲ့ ချီရှိနေရင် library ထဲက ဘယ်နေရာမှာ ဘယ်စာအုပ်ကို ဘယ်လို သွားရောက်ဖတ်ရှုလို့ ရပြီ ဆိုတာ အလွယ်တကူ ပိုပြီးတော့တောင် သိနိုင်ပါသေးတယ်။ ဆိုလိုတာက RAM ဆိုတဲ့ ကဒ် ပမာဏ များလာလို့ Extra memory ဆိုတဲ့ Library ကြီးက ၂ ဆတိုး ကြီးမသွားပါဘူး။ ကွန်ပြူတာ သဘောအရ extra memory ကို နဲနဲ ပိုယူတယ် ဆိုပေမယ့် အသုံးချဖို့ ပိုပြီး လွယ်ကူလာစေပါတယ်။ ဒီသဘောပါပဲ။

64-bit Windows တွေဟာ operating system အတွက် drive space ပမာဏ ပိုတိုးယူဖို့ လိုမယ် ဆိုတာရော ဖြစ်နိုင်ရဲ့လား။

အဲတာတော့ ဟုတ်ပါတယ်။ 64-bit Windows ရဲ့ လိုအပ်ချက်အရ သူ့ရဲ့ အခြေခံ OS လည်ပတ်နိုင်ဖို့ အတွက် GBs ပမာဏ အနည်းငယ် ထပ်မံတိုးမြှင့် အသုံးချပေးဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ ခုနောက်ပိုင်း ကာလတွေမှာ သိုလှောင်နိုင်စွမ်းပမာဏ အရမ်းများတဲ့ HD တွေ ရှိနေတာ မှန်ပေမယ့် မိမိလည်ပတ်နေရတဲ့ ဝင်ငွေပမာဏနဲ့ ချိန်ဆပြီး ဒီအကြောင်းအရာကိုလည်း ထည့်သွင်းစဉ်းစားရပါလိမ့်မယ်။

ဆိုတော့ ... အခြေခံအားဖြင့် 64-bit Windows နဲ့ 32-bit Windows နှစ်မျိုးမှာ ကျွန်တော်တို့ ဘယ်ဟာကို သုံးသင့်ပါသလဲ ??

တကယ်လို့ ကျွန်တော်တို့ဟာ PC အသစ် တစ်လုံးကို RAM 4GB နှင့်အထက် ကျော်လွန်ပြီး မှာယူမယ် နောက်ပြီး စက်မှာ video card ကောင်းကောင်းကိုလည်း ဆင်မယ်လို့ စိတ်ကူးထားမယ် ဆိုရင်တော့ စက်မှာ တပ်ဆင်ထားတဲ့ Memory ရဲ့ စွမ်းပကားကို အပြည့်အဝ အသုံးချခွင့် ရနိုင်ဖို့ အတွက် ကျွန်တော်တို့ရဲ့ Windows မှာ 64-bit version ကို အသုံးပြုသင့်တယ်လို့ အကြံပြုလိုပါတယ်။ ဒါပေမယ့် တစ်ခုတော့ မှတ်ထားပေးပါ 64-bit မှာမှ Home versions ကို အသုံးပြုမယ် ဆိုရင် RAM ပမာဏကို 16GB ထိပဲ support ပေးမှာ ဖြစ်ပါတယ်။ ( အတော်များများ အတွက်တော့ 16GB ဆိုတာလည်း နဲတော့ မနဲလှပါဘူး။ )

Processor က 32-bit လား 64-bit လား ??
လတ်တလော 32-bit ဆိုတာ သိထားရင် မိမိ Processor က 64-bit ကိုရော Capable ဖြစ်သလား ဆိုတာ ဘယ်လို သိနိုင်မလဲ ??

ပထမမေးခွန်း အတွက် အကြောင်းအရာက ပြည့်စုံစေချင်လို့ ထည့်သွင်းလိုက်ပေမယ့် အတော်များများတော့ မိမိကွန်ပြူတာဟာ x86 (32-bit) လား x64 (64-bit) ဆိုတာ ခွဲခြားတဲ့နည်းကို သိကြပါတယ်။ Windows XP မှာတော့ တော်ယုံ ဘယ်သူမှ 64-bit ကို သုံးတာ သိပ်မတွေ့ရပါဘူး။ နောက်ပိုင်း Windows Vista ပေါ်လာတော့မှ drivers တွေ Compatibility ပြဿနာရပ်တွေနဲ့ အတူ 64-bit Processor ကို သတိပြုမိလာကြပြီး ခုနောက်ပိုင်း Windows 7 ခေတ်မှာတော့ လူအတော်များများ 64-bit processing ကို ကူးပြောင်းဖို့ စဉ်းစားနေကြပါပြီ။
တကယ်လို့ ကျွန်တော်တို့တွေဟာ Windows XP ကနေ Vista ကို ပဲ ဖြစ်ဖြစ် Windows XP ကနေ Windows 7 ကိုပဲ ဖြစ်ဖြစ် ကူးပြောင်းတော့မယ် လို့ ဆုံးဖြတ်မိတဲ့ အခါမှာ ကျွန်တော်ကတော့ 64-bit ကို အသုံးပြုဖို့ အကြံပေးချင်ပါတယ်။ ဘာကြောင့်လဲ ??

ပထမဆုံး အနေနဲ့ 32 နဲ့ 64 ဆိုတဲ့ ဂဏန်းတွေက ဘာတွေလဲ ဆိုတာ ကျွန်တော်တို့ တိတိကျကျ လေ့လာကြည့်ရအောင်။ ဒီ 32-bit နဲ့ 64-bit ဆိုတဲ့ ဂဏန်းတွေက Memory ( RAM ) နဲ့ Processor ကြားမှာ ရှိနေတဲ့ Data Bus Width ကို ကိုယ်စားပြုပါတယ်။ ဆိုလိုတာက ကျွန်တော်တို့ မြင်နေရတဲ့ အတိုင်း 64-bit ရဲ့ စွမ်းဆောင်ရည်ဟာ Data တွေကို Transfer လုပ်တဲ့ အခါမှာ 32-bit ထက် ၂ ဆလောက်နီးပါး စွမ်းဆောင်နိုင်ရည်ပိုရရှိမှာ ဖြစ်ပါတယ်။ တကယ်လို့ ကျွန်တော်တို့တွေ 32-bit Vista ဒါမှမဟုတ် တစ်ခြား ဘာပဲ သုံးသုံး ၊ Memory ကို ထပ်မြှင့်ချင်မယ် ဆိုရင် အများဆုံး 3 GB ထိ ( ကိုယ့်စက်မှာ 4 GB ရှိမယ် ဆိုရင်တောင် ) ပဲ တိုးမြှင့်လို့ ရမှာ ဖြစ်ပါတယ်။ ဒီအကြောင်းအရာက အပေါ်မှာ ပြောခဲ့ပြီးသားပါ။ 64-bit Windows တွေမှာတော့ Memory ကို 128 GB ထိ တိုးမြှင့်ပိုင်ခွင့်ရှိပါတယ်။ ( ခြွင်းချက်တွေတော့ ရှိပါတယ် အပေါ်မှာ ဖော်ပြပြီးသားမို့ မဖော်ပြတော့ပါ။ ) Standard Users တွေ Developers တွေ နောက်ပြီး Service providers တွေဆိုတာလည်း 64-bit processors တွေအတွက် drivers တွေနဲ့ တစ်ခြား support တွေကို ခုမျက်မှောက်ခေတ်မှာ ဦးစားပေးလုပ်ဆောင်လာကြပါပြီ။ ဒါကြောင့် 64-bit processor ဆိုတာ မရှေးမနှောင်းမှာ ပိုပြီး ကျယ်ပြန့်လာနိုင်စရာ အလားအလာ များစွာ ရှိနေပါတယ်။

ဒါကြောင့် လတ်တလောမှာ ကျွန်တော်တို့ရဲ့ ကွန်ပြူတာဟာ old Windows XP ဒါမှမဟုတ် Vista နဲ့ ဖြစ်နေခဲ့မယ် ဆိုရင် ကျွန်တော်တို့ရဲ့ processor တွေဟာ 64-bit ကို capable ဖြစ်မဖြစ် ဘယ်လို ရှာဖွေသိရှိနိုင်ပါမလဲ ??

ကျွန်တော်တို့ရဲ့ ကွန်ပြူတာဟာ 64-bit ကို capable ဖြစ်မဖြစ် သိရှိနိုင်မယ့် နည်းလမ်းပေါင်း မနည်း ရှိနေပါတယ်။

နည်းလမ်း ( ၁ ) - လွယ်ကူသော နည်းလမ်း။
Start > Computer ပေါ်တွင် Right-click > Properties . အဲ့နောက်မှာ Windows Experience Index ကို click ပေးပါ။ ခုလိုပုံ မြင်ရပါလိမ့်မယ်။
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhipIU_9e-nREEXFgzfZzA15kh3R7uzSUilDE_pg3wR1pOiClTmblp1bIo4O0Jp2PN6HhTrM_qY-7V_qNvDYIevBsv4HqFbBxttqHFDsAHxK9r5e8uCWgXas0IviR01d6xSFEHjgAH1J7k/s320/9.png

အဲကနေမှ တဆင့် View and Print detailed performance and system information ဆိုတာကို click ပေးပါ။
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4tj5N9iqnag_fvzE7eaGZ7W8EL1_6-nJCMwOv0WthEaoIZTWHaPsOeGtXR7mYV9UwQ16R_o6FaXIjowCayiyhlycXYij49idNfH7S4w3cdrtkUBFN_bYQJ5PFJPknhBfIOiPFc4DSKqw/s320/5.png

ဒီနေရာမှာ ကျွန်တော်တို့ စက်ရဲ့ လတ်တလော system type ကို မြင်ရပါပြီ။ ကျွန်တော် အနီရောင်နဲ့ ဝိုင်းပြထားတဲ့ နေရာမှာ 64-bit capable ကို Yes လို့ ပြထားတာ မြင်ပါလိမ့်မယ်။ တကယ်လို့ ကျွန်တော်တို့ဟာ လတ်တလော အခြေအနေမှာ 64-bit ကို သုံးနေပြီးသား ဆိုရင်တော့ System type မှာပဲ 64-bit operating system ဆိုပြီး ဖော်ပြထားမှာ ဖြစ်ပြီး 64-bit ကို capable ဖြစ်လား မဖြစ်ဘူးလား ဆိုတာတော့ ဖော်ပြထားပါရှိမှာ မဟုတ်ပါဘူး။

ဒီနည်းနဲ့ အဆင်မပြေသေးဘူး ဆိုရင် နောက်ထပ်နည်းတွေလည်း ကျန်ရှိပါသေးတယ်။

နည်းလမ်း ( ၂ ) - Regedit အား အသုံးပြုခြင်း။

Start > regedit ကို ရိုက်ပြီး Registry Editor ကို သွားပါ။
HKEY_LOCAL_MACHINE\HARDWARE\DESCRIPTION\System\CentralProcessor\0 ရှိရာဆီ တဆင့်ပြီး တဆင့် ဝင်ပါ။ ProcessorNameString ကျွန်တော်တို့ Processor ရဲ့ Name ကို မြင်နိုင်ပြီး Identifier မှာတော့ 64 ဆိုပြီး ပြနေရင် ဒါ 64-bit ကို Run နေတယ် တစ်နည်းအားဖြင့် ဆိုရရင် 64-bit capable ဆိုတာ သိသာပါပြီ။
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjMO-VDeix_o_y3qPfxUsZfAW-gpMz3HJm6Bsp1lJO_I_000U4XwwMj8TzUkUzYxuGS4ivVYhSB4tsLaj_LNFfDRAoEy5FnqtqwTrxHJG1bCPvDYR73LX283zcL0Z9SaFK7WnS2fyqPpXE/s320/6.png

ဒီနည်းက တကယ်လို့ လတ်တလော ကိုယ့်စက်မှာ 32-bit run နေတာ ဆိုရင်တော့ Identifier မှာ x86 Family ဘာညာ ဆိုပြီးပဲ ပြပါလိမ့်မယ်။ 64 ဆိုပြီး ပြမှာ မဟုတ်ပါဘူး။ ဒီနည်းက သိပ်အဆင်မပြေဘူး ထင်ပါတယ်။ နောက်တစ်နည်း ကို ဆက်သွားကြရအောင်။

နည်းလမ်း ( ၃ ) - MSINFO32 အား အသုံးပြုခြင်း။

ဒီနည်း အတွက်ကတော့ Start > msinfo32.exe ဆိုပြီး ရိုက်လိုက်ပါ။ System Information page ပေါ်လာပါလိမ့်မယ်။ အဲ့ဒီ့ထဲက System Type ဆိုတာမှာ x64 ကို Run နေသလား x86 ကို Run နေသလား ဆိုတာ ဖော်ပြထားပါတယ်။ ဒီနည်းကလည်း အပေါ်မှာ ပြောခဲ့သလို မိမိစက်မှာ 32-bit လား 64-bit လား သေသေချာချာ ကွဲကွဲပြားပြား မသိသူတွေ အတွက် ကြည့်ရှုနိုင်ဖို့ပါ။ 64-bit capable ဖြစ်မဖြစ်ဆိုတာ အတွက်တော့ အဆင်မပြေပြန်ပါဘူး။ အဲတာကြောင့် ကျွန်တော်တို့ နောက် တစ်နည်းကို ဆက်သွားကြည့်ပါဦးမယ်။
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnBx8lAZoZhftR7hrAw8RIPkaRBCk2VIVw5pXP2w_5T7dLOLy8Nvc0Zx-VbNKVspN9YjmC-RCGVLA10bj-rmPtOxV1RcaH-WRWqQ-LrsO0gwtCMnp-mI9Wyy6geVP2B4ElixdSwUPfbNs/s320/7.png

နည်းလမ်း ( ၄ ) CPUZ အား အသုံးပြုခြင်း

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMkwA4V7NJRjScKEi0VrzOjAUTqhJI5zjawX9txvp_XaE4cgOQkLBiSutyh6Wgmi_PlM5AuAIKhF5HcqCid3UewgmI72hHQAASTIquqejsYSM-L6wzbUrroWmnoao69xmjYOkn4qSLBMs/s320/8.png

CPUZ ဆိုတာ ပေါ့ပါးတဲ့ utility တစ်ခု ဆိုပေမယ့် ကျွန်တော်တို့ စက်မှာ ရှိနေတဲ့ CPU (Processor), Cache, Mainboard, Memory, SPD စတာတွေနဲ့ ပတ်သတ်ပြီး တိကျတဲ့ အချက်အလက်တွေကို ပေးနိုင်ပါတယ်။ CPU tab အောက်မှာ ရှိနေတဲ့ instruction ကနေ တဆင့် EM64T ဒါမှမဟုတ် AMD64 ဆိုတဲ့ စာလုံးတွေ ပါမပါရှာပါ့မယ်။ တကယ်လို့ ကျွန်တော်တို့ Processor က Intel Processor ဖြစ်မယ် ဆိုရင် EM64T လို့ ဖော်ပြပြီး AMD ဖြစ်မယ် ဆိုရင်တော့ AMD64 ဆိုပြီး ပြပါလိမ့်မယ်။ ဒီလိုပြထားတာ တွေ့ရင် ကျွန်တော်တို့ Processor က 64-bit ကို Capable ဖြစ်ပါပြီ။

Download CPU-Z version 1.54 with installer (setup).

ခု ကျွန်တော် ဆွေးနွေးခဲ့သလောက်ဆို 64 bits နဲ့ 32 bits OS တွေရဲ့ စွမ်းဆောင်ရည်တွေကိုလည်း သိပြီ ၊ ကွာခြားချက်တွေကိုလည်း သိနိုင်ပြီ။ ကိုယ့်ကွန်ပြူတာက CPU ဟာ 64-bit Capable ဖြစ်လား မဖြစ်ဘူးလား ဆိုတာလည်း သိနိုင်ပြီ။ နောက်ဆုံး တစ်ခု စဉ်းစားဖို့ပဲ ကျန်ပါတော့တယ်။ ဒါကတော့ ကိုယ်တိုင် ဆုံးဖြတ်ရမှာပါ။

ကျွန်တော်တို့ရော 64-bit operating system ကို ကူးပြောင်းဖို့ သင့်ပြီလား ??

MF မိသားစုဝင်များ အားလုံး နည်းပညာကဏ္ဍမှာ ပျော်မွေ့နိုင်ကြပါစေ။

အားလုံးပဲ အဆင်ပြေကြပါစေ။

KznT.

32-bit နှင့် 64-bit Operation Systems

by သီဟထွန်း

32-bit နဲ့ 64-bit OS တွေရဲ့ အကြောင်းကို ကျွန်တော်သိသလောက် ဆွေးနွေးချင်ပါတယ်.... 32-bit နဲ့ 64-bit တို့ရဲ့ ခြားနားချက်က ကွန်ပြူတာရဲ့ CPU (central processing unit) က သတင်းအချက်အလက် (information) တွေကို တွက်ချက်နိုင်တဲ့ပမာဏ (အလုပ်လုပ်နိုင်တဲ့ ပမာဏ) ခြားနားချက်ပဲ ဖြစ်ပါတယ်.... 64-bit processor က တစ်ကြိမ် အလုပ်လုပ်ရင် 64 bit (2^64= 18,446,744,073,709,551,616) ပမာဏ data တွေကို အလုပ်လုပ်နိုင်ပြီးတော့ 32-bit processor ကတော့ 32 bit(2^32= 4,294,967,296 )ပမာဏ အလုပ်လုပ်နိုင်မှာ ဖြစ်ပါတယ်... ဒါပေမယ့် 64-bit စနစ်က လုပ်ငန်းတိုင်းကို 32-bit ထက် ပိုအလုပ်လုပ်နိုင်တာမဟုတ်ပါ... ကျန်တဲ့ computer တစ်ခုလုံးရဲ့ အလုပ်လုပ်နိုင်တဲ့ speed တွေအပေါ်မှာလည်း မူတည်ပါတယ်.... (ဥပမာ CPU ရဲ့ speed ကဘယ်လောက်မြန်မြန် အလုပ်လုပ်နိုင်တယ်ပေါ့)...နောက်ပြီးတော့ အသုံးပြုတဲ့ application တွေရဲ့ designed ပေါ်မှာလည်း မူတည်ပါတယ်... အသုံးပြုတဲ့ application က 32-bit အတွက်ပဲ designed လုပ်ထားတယ်ဆိုရင် 64-bit မှာလည်း ပိုပြီး ထူးခြား မမြန်လာနိုင်ပါဘူး.... အခြေခံကျတဲ့ အချက်ကတော့ အချို့သော CPU ကို ခက်ခဲရှုပ်ထွေးစွာ အလုပ်လုပ်စေသော CAD(computer-aided design) ကဲ့သို့သော application တွေက 64-bit စနစ်အတွက် ပြုလုပ်ထားပြီး 32-bit ထက်ပိုမိုလျှင်မြန်စွာ အလုပ်လုပ်နိုင်ပါတယ်...

64-bit စနစ်က RAM (Random Access Memory) ကို 32-bit ထက်ပိုပြီး အသုံးပြုပါတယ်... 32-bit စနစ်မှာ RAM ကို 4 G အထိတပ်ဆင်နိုင်ပါတယ်(သို့သော် 4 G အပြည့်သုံး၍ မရပါ.. 3.4 G လောက်သာ အသုံးပြုနိုင်ပါတယ်..) 64-bit မှာတော့ RAM ကို များစွာ အသုံးပြုနိုင်ပါတယ်... (OS အလိုက် Version အလိုက် အများဆုံး အသုံးပြုနိုင်သော RAM ပမာဏ ကွာခြားပါသည်...ဒီနေရာ မှာ လေ့လာနိုင်ပါတယ်..) RAM ကို များစွာ အသုံးပြုနိုင်တဲ့အတွက် 64-bit က 32-bit ထက် ပိုမြန်မြန်အလုပ်လုပ်နိုင်ပါတယ်....

64-bit ကို အသုံးပြုမယ်ဆိုရင်တော့ hardware တွေနဲ့ လိုက်ဖက်ဖို့ (compatible) ဖြစ်ဖို့လိုအပ်ပါတယ်... အလယ်လတ်တန်း နဲ့ အထက်တန်း computer တွေဟာ 64-bit အတွက် ကိုက်ညီကြပါတယ်... အကယ်၍ 64-bit ကို အသုံးပြုချင်တယ်ဆိုရင်တော့ မိမိ computer နဲ့ ကိုက်ညီမှု ရှိမရှိ စစ်ဆေးနိုင်ပါတယ်....windows 7 အတွက်ဆိုရင်တော့ Control Panel\All Control Panel Items\Performance Information and Tools ကိုသွားပါ View and print detailed performance and system information ကို click ပေးပြီးတော့ ရလာတဲ့ Text ဖိုင်ကို filename.html နာမည်နဲ့ html ဖိုင်အဖြစ် save လုပ်ပါ... အဲဒီ html ဖိုင်ကို ဖွင့်လိုက်ရင် System ရဲ့အောက်မှာ 64-bit capable ဆိုတာ ရှိပါတယ် Yes ဖြစ်နေရင်တော့ 64-bit ကို သုံးလို့ရပါတယ်...

Applications အများစုဟာ 32-bit အတွက် designed လုပ်ထားတာဖြစ်ပြီးတော့ 64-bit မှာလည်း အသုံးပြုနိုင်ပေမယ့် Anti-virus programs တော်တော်များများနဲ့ Hardware Driver တွေကတော့ သုံးလို့မရပါဘူး.... အဲဒါကြောင့် printer သို့မဟုတ် အခြားသော hardware တွေကို အသုံးပြုမယ်ဆိုရင် Drivers တွေကို 64-bit Drivers တွေသာ အသုံးပြုရမှာ ဖြစ်ပါတယ်...Windows 7 (64-bit) မှာ အသုံးပြုနိုင်တဲ့ Anti-virus programs တွေကို ဒီမှာ သွားရောက်လေ့လာနိုင် သလို အသုံးပြုလိုတဲ့ Software နဲ့ Hardware တွေကိုလည်း Windows 7 Compatibility Center မှာ သွားရောက်လေ့လာနိုင်ပါတယ် ခင်ဗျာ....ကျွန်တော်ကိုယ်တိုင်လည်း 64-bit ကို မသုံးဖူးသေးပါခင်ဗျာ... ဆွေးနွေးချက်တွင် လိုအပ်တာများရှိခဲ့ရင် ဖြည့်စွက် ဆွေးနွေးပေးကြပါခင်ဗျာ.

ref : http://www.myanmarfamily.org/forum/showthread.php?t=18742